ဗိုလ်ချုပ်အောင်ဆန်းပုံပါ ရွှေဒင်္ဂါးပြားများကို ကမ္ဘာ့ရွှေဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်တင်ပြထား


05 January, 2021

ဗိုလ်ချုပ်အောင်ဆန်းပုံ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေဒင်္ဂါးပြားများကို ကမ္ဘာ့ရွှေဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ဇန်နဝါရီ ၅ ရက်တွင်ပြောသည်။

“ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းကြည် တို့က မြန်မာနိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ ပုံနဲ့ဒင်္ဂါးပြားထုတ်ရင် မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ်တစ်ခုလိုဖြစ်သွားမယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ပုံနဲ့ ကမ္ဘာ့ရွှေဈေးကွက်ကို တင်ပို့ဖို့ကြိုးစားရတာဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ရွှေဒင်္ဂါးပြားများကို တင်ပို့ခွင့်ရပါက ကမ္ဘာ့စံချိန်နှင့် အညီ အချိန်အတွယ်ကို အောင်စဖြင့် ပို့မည်ဖြစ်ကြောင်းသိရသည်။ တစ်အောင်စလျှင် မြန်မာ့အလေးချိန် ၁ ဒသမ ၇၃၆၁ ကျပ်သားရှိကြောင်း သိရသည်။

“ဒင်္ဂါးပြားတွေသာ တင်ပို့ခွင့်ရခဲ့ရင် ပြည်တွင်း မှာရှိတဲ့ ရွှေဈေးကွက် ကနိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးထွက်ရှိလာတဲ့ရွှေဟာ ကမ္ဘာ့ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှာဖြစ်ပါတယ်။ လက်ရှိမှာ က ကမ္ဘာ့ရွှေဈေး နဲ့ မြန်မာ့ရွှေဈေးက ကျပ်၃၀,၀၀၀၊ ကျပ်၄၀,၀၀၀ လောက်ကွာတတ်တယ်။ ကမ္ဘာကိုသာ တင်ပို့နိုင်ရင် ကမ္ဘာ့ဈေးနဲ့ မြန်မာ့ဈေးက တညီတည်းဖြစ်သွားမှာပါ။’’ ဟု ၎င်းကရှင်းပြသည်။ယနေ့ ညနေဘက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၃၈ ဒေါ်လာ၊ မြန်မာ့ရွှေ တစ်ကျပ်သားလျှင် ၁,၃၃၀,၅၀၀ပေါက်ဈေးရှိကြောင်းသိရသည်။

(Xinhua)

134099208_1783846378451001_6743609777302496393_n.jpg

 

Banking & Loan Read 759 times