ရွှေကို ထိုင်း၊ တရုတ်နှင့် ဟောင်ကောင်သို့ အများဆုံးတင်ပို့မည်


23 August, 2018

တစ်နေရာတည်း အပြီးဆောင်ရွက်ပေးခြင်း (One Stop Service) နဲ့ဆောင်ရွက်ပေးမယ့် ရွှေနဲ့ လက်ဝတ်ရတနာတွေ ပြည်ပတင်ပို့၊ တင်သွင်းခွင့်ကို စက်တင်ဘာလ ၃ ရက်နေ့ လုပ်ဆောင်ပေးပါကထိုင်း၊ တရုတ်နဲ့ဟောင်ကောင်နိုင်ငံတွေကိုအများဆုံးတင်ပို့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် အသင်းက အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောပါတယ်။

“တင်ပို့မှုကိုတော့ ကမ္ဘာ့ရွှေဈေးနဲ့ပဲ သွားမယ်၊ ပြည်တွင်းဈေးနဲ့ မသွားဘူး၊ လောလောဆယ်က သွင်းတာများလိမ့်မယ်၊ ပို့တာလဲ ရှိလိမ့်မယ်၊ ပို့တာကတော့ ကျောက်မျက်ပိုင်းက စပြီးတော့ ပို့လိမ့်မယ်ထင်တယ်၊ ဒီမှာလုပ်ထားတဲ့ ကျောက်မျက်အချောထည်တွေရှိတယ်၊ ရန်ကုန်ကတော့ သွင်းတာများလိမ့်မယ်” လို့ သူကဆိုပါတယ်။

အစိုးရက ရွှေပြည်ပတင်ပို့၊ တင်သွင်းခွင့်ကို ယခုနှစ် ဇန်နဝါရီက ပထမဆုံး တရားဝင်ခွင့်ပြုပေးခဲ့ပြီး ခုနစ်လအကြာမှာ တစ်နေရာတည်း အပြီးဆောင်ရွက်ပေးခြင်း (One Stop Service) နဲ့ တင်ပို့၊ တင်သွင်းခွင့်ကို ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရွှေတင်သွင်းတာ၊ ရွှေတင်ပို့တာကို ဈေးကွက်လိုအပ်ချက်အရ လုပ်ရာမှာ ရွှေဈေးကွက်စောင့်ကြည့်အကဲဖြတ်ထိန်းညှိရေးကော်မတီကို ခုနစ်လကြာအချိန်ယူ ဖွဲ့စည်းပြီးနောက် အခုလို တရားဝင် စတင်ကြေညာခဲ့တာဖြစ်ပါတယ်။ အဲသည်ကော်မတီက ရွှေတင်သွင်း၊ တင်ပို့မှုဆိုင်ရာ ရွှေဈေးကွက်ကို ထိန်းညှိပေးဖို့၊ ဝယ်လိုအား၊ ရောင်းလိုအားချိန် ညှိဖို့နဲ့တင်ပို့၊ တင်သွင်းပမာဏ၊စံချိန်၊ဈေးနှုန်းနဲ့ တန်ဖိုးတို့ သတ်မှတ်ဖို့ကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

“အခုလိုလုပ်တာက ကောင်းပါတယ်၊ ခိုးသွင်းခိုးထုတ်တာမရှိတော့ နိုင်ငံတော် အခွန်ရတာပေါ့၊ ကျွန်တော်တို့အနေအထားကတော့ လက်လှမ်းမမီ မတတ်နိုင်မလုပ်နိုင်သေးပါဘူး၊ လုပ်နိုင်သူအတွက်ကောင်းပါတယ်”လို့ မြင့်မြတ်သူရတနာရွှေဆိုင်နဲ့ရွှေပန်းထိမ်လုပ်ငန်း (မဲဆောက်) ပိုင်ရှင် ဦးတင့်လွင်က ပြောပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးထက် ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာကြောင့် နယ်စပ်လမ်းကြောင်းတွေကနေ ရွှေတင်ပို့မှုများနေတယ်လို့ နယ်စပ်ဒေသက ရွှေဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အခုအခါ ရွှေတွေကို တင်သွင်း၊ တင်ပို့ရာမှာ ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်ဂိတ်တွေကနေ တင်ပို့တင်သွင်း လုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်ပစ္စည်းခွန်တွေပေးဆောင်ရပါမယ်။

ပြည်တွင်းအကောက်ခွန်ဦးစီးဌာနရဲ့ ရွှေနဲ့ပတ်သက်ပြီး ကောက်ခံရရှိတဲ့ စာရင်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်သွယ်ခွန်မှာ အမေရိကန်ဒေါ်လာ ၈၀၁.၉၄၈ သန်း၊ ဝင်ငွေခွန်အမေရိကန်ဒေါ်လာ ၄၉၇.၉၆၇ သန်းရှိပြီး ၂၀၁၇-၂၀၁၈ (စက်တင်ဘာလအထိ) ပထမနှစ်ဝက် ကုန်သွယ်ခွန် အမေရိကန်ဒေါ်လာ ၃၂၈၀.၂၇၄ သန်း၊ ဝင်ငွေခွန်အမေရိကန် ဒေါ်လာ ၃၄၆.၈၄၈ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

“အဲလိုဖြစ်ဖို့ လုပ်နေတာတော့ကြာပြီ၊ လုပ်ငန်းက အခုမှ စတာဖြစ်တော့ ၃ ရက်နေ့ကို လျှောက်လွှာစလက်ခံမယ်၊ စိစစ်မယ်ဆိုတော့ အများကြီး အခြေအနေကောင်းပါတယ်၊ လုပ်ခါစမှာ အခက်အခဲတော့ရှိမှာတော့ နောက်တော့ အောင်မြင်သွားမှာပါ၊ ရွှေကုန်သည်အားလုံးကတော့ သွင်းချင်ထုတ်ချင်တဲ့ ဆန္ဒရှိတယ်” လို့ ဦးအုန်းမြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လက အခွန်အကောက်ဥပဒေအရ လက်ဝတ်ရတနာရွှေထည်ဝယ်ယူသူတွေကို အခွန်တစ်ရာခိုင်နှုန်းနဲ့အ ခေါက်ရွှေအတုံး ဝယ်ယူသူတွေကို အခွန်ကင်းလွတ်ခွင့် ပြဋ္ဌာန်းပေးခဲ့ပါတယ်။

“အရောင်းအဝယ်တွေတော့ပိုကောင်းလာလိမ့်မယ်၊ ဘဏ်စနစ်နဲ့သွားတာဖြစ်တဲ့အတွက် လုံခြုံစိတ်ချရမှုရှိသွားရင် အရောင်းအဝယ် ပိုမိုတိုးတက်လာမယ်၊ တရားမဝင်လုပ်နေတဲ့ လုပ်ငန်းတွေ တဖြည်းဖြည်းပျောက်သွားလိမ့်မယ်၊ တရားမဝင်ရောင်းပြီး လွှဲငွေတွေက စိတ်မချရတဲ့အတွက် တရားဝင်ပဲလုပ်လာလိမ့်မယ်”လို့ ကော့သောင်းမြို့နယ်က ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဦးအုန်းမြိုင်က “အခုရွှေက သုံးရက်နေ့ဆိုရင် ပြည်ပက စလုပ်လို့ရပြီပေါ့၊ ဒါပေမဲ့ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သယ်ချင်တာ၊ အရင်တုန်းက ဥပဒေအဟောင်းတွေရှိတယ်၊ အဲဒီဟာနဲ့ ဟိုကတားလိုက် ဒီကတားလိုက် အဲဒါကိုပယ်ဖျက်ဖို့ ရွှေကို ပြည်တွင်းမှာလွတ်လပ်စွာ သယ်ဆောင်ခွင့်ရဖို့အတွက် ဆက်လက်တင်ပြနေတယ်၊ အဲဒါပြီးရင်တော့ ရွှေလောက တော်တော်ကို ဖွံ့ဖြိုးတိုးတက်သွားမယ်ပေါ့” လို့ဆိုပါတယ်။

Source: kumudra

Export, Import Read 564 times