အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်းကျော်အထိ စံချိန်တင်အမြင့်ဆုံးဈေးရောက်ခဲ့


07 September, 2021

စက်တင်ဘာ ၇ရက် မွန်းလွဲ ၁ နာရီ ရန်ကုန် ရွှေဈေးကွက် မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၈သိန်း ၁သောင်းနဲ့ ရွှေသမိုင်းတစ်လျှောက်စံချိန်တင် အမြင့်ဆုံးရောက်ခဲ့ပါတယ်။

အဲဒီနောက် ၁၅ မိနစ်အတွင်း မှာ တစ်ကျပ်သားကို ၁၇ သိန်း ၉သောင်း ၆ ထောင်ကျပ်နဲ့ ပြန်လည်ကျဆင်းပြီး အဲဒီဈေးမှာ ဈေးငြိမ်နေပါတယ်။

အခေါက်ရွှေတစ်ကျပ်သား ၁၈သိန်းကျော်ဖြစ်တာဟာမြန်မာ့ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေးလည်းဖြစ်ပါတယ်။
ယခု ရွှေဈေးနှုန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ကျပ် ၁၈ သိန်းအထိ စံချိန်တင်မြင့်တက်လာခြင်း ဖြစ်ပါတယ်။ 

၁၅ မိနစ်အတွင်း ဈေးကွာဟာမှုဟာ ကျပ် ၂သောင်းကျော်ကျဆင်းခဲ့ပေမယ့် ဒါဟာလည်း အမြင့်ဆုံးနှုန်းမှာဆက်ရှိနေတာပါ။

'' အဓိကကတော့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ပါ။ ဒီအချိန်ဝယ်တဲ့သူကတော့ ကျွန်တော်တို့ အမြင် ရှုံးမှာပဲ '' လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရွှေလုပ်ငန်းရှင်အချို့ကတော့ ကမ္ဘာ့ရွှေဈေးတက်လို့မြန်မာ့ရွှေဈေးတက်တယ်လို့ ပြောဆိုကြပေမယ့် ပြည်တွင်းနိုင်ငံရေး အခြေအနေ နဲ့ ငွေကြေးတန်ဖိုးကျဆင်းလာမှုကြောင့် ရွှေဝယ်လိုအားများနေတာလို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေကပြောကြပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်ခြင်းနှင့် ပြည်တွင်း ငွေစက္ကူအသစ် ရိုက်ထုတ်မှုသတင်းများကြောင့် ပြည်တွင်းရွှေဈေးနှုန်း ၁ ကျပ်သားကို ကျပ် ၁၇ သိန်း ၅ သောင်းကျော်အထိ မြင့်တက်နေပြီး ယနေ့တွင် ကျပ် ၁၈ သိန်းအထိ မြင့်တက်သွားတာ ဖြစ်ပါတယ်။ 

လသာမြို့နယ်ရှိ ရွှေလုပ်ငန်းရှင်တဦးက "ဒီနေ့က ကမ္ဘာ့ရွှေဈေးလည်း မတက်ဘူး။ ဝယ်လိုအားကတော့ အရမ်းမရှိဘူး။ ဒါပေမယ့် သိတဲ့အတိုင်းပဲလေ ဘာသံညာသံဆိုတော့ ရွှေဈေးက လိုက်တက်သွားတာ" လို့ ပြောပါတယ်။ 

ပြည်တွင်းရွှေဈေးနှုန်း ဟာ ဒေါ်လာငွေဈေးနဲ့ ကမ္ဘာ့ရွှေဈေးအပေါ်မှာ အဓိကမှီတည်ပြီးပြည်တွင်းငွေတန်ဖိုး ကျဆင်းတဲ့အခါ ရွှေမှာ ရင်းနှီးမြုပ်နှံမှု ပိုလုပ်တာ နဲ့ လက်ရှိ ဈေးကွက်ထဲကိုရွှေအဝင်နည်းမှုတွေကလည်း ရွှေဈေးမြင့်တက်စေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထား ၁ ဒေါ်လာကို ကျပ် ၁၉၀၀ ဝန်းကျင်အထိ ပြင်ပဈေးကွက်တွင် ဈေးပေါက်လာလျက်ရှိကြောင်း သိရပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် ၇ လအတွင်း မြန်မာငွေတန်ဖိုး ကျပြီး အမေရိကန်ဒေါ်လာငွေတန်ဖိုး တရိပ်ရိပ်မြင့်တက်တာဟာ ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ သုံးသပ်နေကြပါတယ်။

 

Source: BBC EMG

Banking & Loan Read 372 times