မြန်မာ့ရွှေဈေး အမြင့်ဆုံးစံချိန်သို့ရောက်ရှိ


19 September, 2018

မြန်မာ့ရွှေဈေးနှုန်းသည်ပြည်တွင်းရွှေဈေးနှုန်းသည် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ရွှေဈေးကွက်တလျှောက်တွင် စံချိန်ချိုးမြင့်တက်နေကြောင်း ရန်ကုန်မြို့ရှိ တိတ်စိန်ရွှေဆိုင် ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

“ကမ္ဘာ့ ရွှေဈေးလည်း နည်းနည်း တက်တယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးကတော့ သိပ်မသိသာပါဘူး။ အမေရိကန် ဒေါ်လာဈေးက တက်တာကြောင့် ဖြစ်တယ်။ ရွှေပြည်ပတင်ပို့ခွင့်ကလည်း လောလောဆယ်က အလုပ်မဖြစ်သေးတော့ ဒါကြောင့် မပါဘူး။ အဓိကတော့ ဒေါ်လာဈေးကြောင့်ပဲ။ အခု ရွှေဈေးက တခါမှမဖြစ်ဖူးဘူး။ ဆယ်သိန်း နည်းနည်းကျော် သွားတယ်။ စံချိန် ချိုးသွားတယ်”ဟု ၎င်းက ပြောပြသည်။

ဈေးကွက်၌ ယနေ့ ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည် ပြည့် ၁ ကျပ်သားလျှင် ကျပ် ဆယ်သိန်းလေးထောင် ကျော်နှင့် လက်ဝတ်ရတနာ ၁၅ ပဲရည် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၉ သိန်း ၄ သောင်းကျော်တွင် အရောင်းအဝယ် ဖြစ်နေ ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းက သိရသည်။

ယနေ့ အမေရိကန် ဒေါ်လာဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ် ၁၅၇၀ ကျော်မှ ၁၅၈၀ ကျပ် ဝန်းကျင်နှင့် ရောင်းဝယ်လျက် ရှိသည်။

လက်ရှိ ရွှေဈေးကွက်၏ အခြေအနေမှာ ဒေါ်လာဈေး ပြန်ကျမှသာ ဈေးပြန်ကျနိုင်မည့် အခြေအနေတွင် ရှိနေပြီး ယခု အ နေ အထားအရ ခန့်မှန်းရ ခက်နေသေးကြောင်း ဦးဇော်အောင်က ဆိုသည်။

၎င်းက “ဒေါ်လာဈေး မတက်ရင်တော့ ရွှေဈေးက မတက်ဘူး။ ဈေးကစားတဲ့ သူကတော့ အမြဲ ရှိတာပါပဲ။ တက်မယ်ထင်ရင် ဝယ်ကြတယ်။ ကျမယ်ထင်ရင် ရောင်းကြတယ်ပေါ့။ ဒါတွေကတော့ ပုံမှန် ရှိနေပါတယ်။ အခုကတော့ အရောင်းအဝယ် ပါးတယ်”ဟုလည်း ၎င်းက ရှင်းပြသည်။

ကမ္ဘာ့ရွှေ ဈေးနှုန်းမှာ ပြီးခဲ့သည့် ရက်ပိုင်းထက် အနည်းငယ်တက်သည်ဟု ဆိုသော်လည်း ယခင်ဈေးတက်ချိန်နှင့် နှိုင်း ယှဉ်လျှင် ထင်သလောက် မတက်ကြောင်း ရွှေဆိုင်ပိုင်ရှင်များထံက သိရသည်။

နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် Delta maubin ကုမ္ပဏီပိုင်ရှင် ကိုအောင်ဆန်းက “အမြဲတမ်း လိုငွေပြနေတဲ့ တိုင်းပြည်မှာတော့ ဒေါ်လာနဲ့ ကျပ်ငွေယှဉ်ရင် ကျပ်ငွေ တန်ဖိုးက ပွထွက်လာတယ်။ အဲဒီတော့ တဖက်မှာ ကမ္ဘာ့ ရွှေဈေး ကျပေမယ့် ဒေါ်လာ တန်ဖိုးက သိသိသာသာ မြင့်တက်သွားတဲ့ အခါကျတော့ မြန်မာ့ရွှေဈေးက ခါတိုင်းထက်ကို တအား မြင့်တက်လာတယ်။ အခုဆိုရင် ကျပ်ဆယ်သိန်းနဲ့ လေးထောင်ကျော်သွားပြီ။ ဒေါ်လာကလည်း ၁ ဒေါ် လာ ၁၅၇၅ ကျပ် လောက်ကို ရောက်လာတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလော အနေအထား၌ ဒေါ်လာ ဈေးနှုန်းသည်လည်း တန်ဖိုး မကျသေးသောကြောင့် ရွှေဈေး ထပ်မံ တက်ဖွယ် အနေအထား ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

ကိုအောင်ဆန်းက“အခုက တွေ့သမျှ လူအကုန်လုံးက ရွှေဝယ်နေကြတယ်။ ငွေဝယ်တယ်။ မြန်မာပြည်မှာက တခြား စီးပွား ရေးတွေ နှေးကွေး လေးလံနေပေမယ့် အရမ်းကို ငွေဖြစ်လွယ်တဲ့ ပစ္စည်း ၂ မျိုးက ရွှေနဲ့ ဒေါ်လာပဲ ရှိတယ်။ အဲဒီ ဈေးကွက် မှာ လူတွေက သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို တန်ဖိုး မလျော့သွားအောင် ဆိုပြီး လာပြီးတော့ မြှုပ်နှံတဲ့သဘော တွေ့ နေရတယ်။ အမှန်ကတော့ တက်လို့ ကောင်းတုန်း အခြေအနေ တခုမှာပဲ ရှိသေးတယ်”ဟု ရှင်းပြသည်။

ရွှေဈေး ပြန်ကျနိုင်မည့် အလားအလာ အနေဖြင့် ဒေါ်လာ ဝယ်လိုအား ကျခြင်း၊ ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွား ရေး လုပ်ငန်းများ တိုးတက်လာခြင်းနှင့် ဒေါ်လာဈေး ပြန်ကျဆင်းလျှင် မြန်မာ့ ရွှေဈေးနှုန်းလည်း ကျဆင်း လာနိုင် သည်ဟု ၎င်းက ပြောသည်။

ဘဏ်များ၌ ငွေကြေးအပ်နှံလျှင် အတိုးနှုန်း နည်းသဖြင့် ရွှေဝယ်ယူ စုဆောင်းခြင်းများကို ပိုမို ပြုလုပ်လာမှုများလည်း ရှိ ကြောင်း ဈေးကွက် အတွင်းက စုံစမ်း သိရှိရသည်။

Source: irrawaddy

Local News Read 968 times