ရွှေသတ္တုအကြီးစားများအား ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန် လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ထား


22 November, 2020

ရွှေသတ္တုအကြီးစားများ ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန် လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆင်ဟွာသို့နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကို ဥပဒေ နည်းဥပဒေ အတိုင်းလိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။ နည်းဥပဒေအခန်း (၁၁) ပုဒ်မ (၁၀၉)မှာ နိုင်ငံခြားဖြစ်စေ၊ပြည်တွင်းဖြစ်စေ အရောင်းအဝယ်လုပ်ရင်လိုင်စင်လျှောက်ထားရမယ်လို့ပြဌာန်းထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လိုင်စင်လျှောက်တာပါ။ ဒီရက်ပိုင်းမှာ ယာယီဆိုင်းငံ့ကြောင်း ဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရွှေသတ္တုအကြီးစားများအား ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန်လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ COVID-19 ရောဂါအခြေအနေကြောင့် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်းနှင့် COVID-19 အလွန် တွင် အဆိုပါလုပ်ငန်းလိုင်စင်အား ပြန်လည်လျှောက်ထားသွားမည်ဖြစ်ကြောင်းဆိုသည်။

အကြီးစားရွှေသတ္တုရောင်း ဝယ်ခြင်းဆိုသည်မှာ ကျပ်သိန်း ၂,၀၀၀နှင့်အထက် အရောင်းအဝယ်ဖြစ်ပြီး ရွှေနှစ်ပိဿာနှင့်အထက်ရောင်းဝယ်ခြင်းကို ဆိုလိုကြောင်း၊ ကျပ်သိန်း ၅၀၀ အောက် ကို အသေးစားအရောင်းအဝယ် နှင့် ကျပ်သိန်း ၅၀၀ နှင့် ၂,၀၀၀ ကြားကို အလတ်စားဟုဥပဒေ တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။ သတ္တုတွင်းနည်းဥပဒေအရ ရွှေတင်ပို့ခြင်း၊ တင်သွင်းခြင်း တို့အတွက် သတ္တုတွင်းလုပ်ငန်း၏ ခွင့်ပြုမိန့်လိုင်စင်ရယူရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သယံဇာတထွက်ကုန်ရွှေသတ္တုကို တရားဝင်တင်ပို့ ခွင့်ရရှိစေရန်၊ တရားဝင် အခွန်အခရရှိစေရန်နှင့် ရွှေဈေးကွက်တရားဝင် ဖြစ်စေရန် တင်ပို့ခြင်း၊ တင်သွင်းခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံသား လုပ် ငန်းရှင်များအား စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သတ္တုတွင်းဥပဒေအရ ရွှေများကို တင်သွင်း၊ တင်ပို့ ရာတွင် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များ က ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန် ပစ္စည်းခွန်များ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

 

ခွင့်ပြုမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်

ရွှေသတ္ထုတွင်းတူးဖော်သူများနှင့် သန့်စင်သည့်သူများအနေဖြင့် အကြီးစား ထုတ်လုပ်မှုလိုင်စင် လိုအပ်သောကြောင့် ခွင့်ပြုမိန့်ရရှိရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြင့် ရွှေသတ္ထုအကြီးစားရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့်ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေသတ္ထုအကြီးစား ရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့်လျှောက်ထားခြင်းအပေါ် လတ်တလောခွင့်ပြုမိန့်ချထားပေးရန် မဖြစ်နိုင်သေးပါသဖြင့် ဆိုင်းငံ့ထားရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္ထုတွင်းလုပ်ငန်းက ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံ ပြန်လည်အကြောင်း ကြားထားသည့်အတွက် ယင်းကို ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ပြည်ပသို့ ရွှေသတ္ထုအကြီးစား ရောင်းချခြင်းနှင့် ဝယ်ယူခြင်းအတွက် ကျပ်သိန်း ၂၀ဝ၀ အထက်ကို အကြီးစားရောင်းဝယ်မှု ၊ ကျပ်သိန်း ၁၀ဝ၀ အထက်ကို အလတ်စားရောင်းဝယ်မှုနှင့် ကျပ်သိန်း ၅၀ဝ အောက်ကို အသေးစား ရောင်းဝယ်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေသတ္ထုအကြီးစားရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်း ခွင့်ပြုမိန့်ရရှိရေးကို Covid ရောဂါ ဖြစ်ပွားမှုပြီးပါက ပြန်လည်လျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ရွှေတင်ပို့ရာ၌ One Stop Service (OSC)တွင် စည်ပင်မှ ခွင့်ပြုထားသည့် ဆိုင်လိုင်စင်ရှိသူနှင့် သတ္ထုတွင်းလိုင်စင်ရှိသောသူများ တင်ပို့နိုင်မည်ဖြစ်ပြီး အကြီးစားထုတ်လုပ်တင်ပို့ရောင်းချမှုများအတွက်ကိုမူ ခွင့်ပြုမိန့်ရရှိရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Xinhua, Myotaw

Export, Import Read 2308 times