ပြည်တွင်း၌ ရွှေကို လွတ်လပ်စွာသယ်ယူခွင့်ရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြဆွေး နွေးသွားမည်ဖြစ်ကြောင်းပြည်တွင်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။
" ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ကျွဲ၊ နွား တင်ပို့မှုကိုတရားဝင်ခွင့်ပြုထားပြီး တော့ အောက်ခြေမှာနယ်ကျော်တယ်ဆိုပြီးဖမ်းတဲ့ အခက်အခဲလေးတွေရှိတယ်။ အဲလိုအတိုင်းပဲ ကျွန်တော်တို့ က ခွင့်ပြုထားတာ ဘာမှစာရွက်စာတမ်းမရှိဘူးဆိုတော့ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့၊ အကောက်ခွန် တို့ကတော့ပြဿနာမရှိဘူး၊ သူတို့ကသိထားပြီးဖြစ်တဲ့အတွက် လေကြောင်းရဲတို့ ကျန်တဲ့ရဲတွေက ရွှေနဲ့ ပက်သက်ပြီးဖမ်းဆီးတာလေးတွေရှိတယ်။ ဒါကြောင့် ပြည်ထဲရေးကိုပြန်တင်ရမှာပါ" ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ( MGEA) မှ ဥက္ကဋ္ဌ ဦးတင်ထွန်း ကဆိုသည်။
ရွှေ၊လက်ဝတ်ရတနာ၊ ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းနှင့်အသုံးဆောင်ပစ္စည်းများအား စည်းကမ်း ချက်များနှင့်အညီတင်ပို့ ၊တင်သွင်းခွင့်ကို ယခုနှစ်ဇန်နဝါရီ ၂၂ရက်မှစတင်၍ တရားဝင်ခွင့်ပြု ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၂ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
" ရွှေတင်ပို့၊တင်သွင်းခွင့်ပြုဖို့ လိုင်စင်ချပေးဖို့လုပ်နေပြီ၊ အရင်ကန့်သတ်ထားရာကနေ၊ ပြည်ပထွက် ဖို့တောင်ခွင့်ပြုပေးနေတာကို၊ ပြည်တွင်းမှာ လွတ်လပ်စွာသယ်ယူခွင့်မရှိရင် ကုန်စည်စီးဆင်းမှု့အရ ကျွန်တော် တို့ကမဖြစ်နိုင်ဘူးလေ၊ အရင်လုပ်ရမှာက လွတ်လပ်စွာသယ်ယူခွင့်ရှိရေးပါ " ဟု ဦးတင်ထွန်းက ဆက်လက် ပြောဆိုသည်။
ရွှေ၊လက်ဝတ်ရတနာ၊ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းနှင့်အသုံးဆောင်ပစ္စည်းများအား တင်ပို့၊ တင်သွင်းခွင့်ပြု ထားပြီးဖြစ်သော်လည်း၊ လက်ရှိတွင် တင်သွင်း၊တင်ပို့ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြီးစီးခြင်း မရှိသေးခြင်းကြောင့် ခွင့်ပြုလိုင်စင်ထုတ်ပေးနိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။
"လုပ်ထုံးလုပ်နည်းတွေရေးဆွဲနေတာမပြီးသေးတဲ့အတွက်ခွင့်ပြုမပေးသေးတာပါ။တင်သွင်း၊တင်ပို့ခွင့်လိုင်စင်ရတာနဲ့ တစ်ပြိုက်နက် ပြည်တွင်းမှာ ရွှေကို လွတ်လွတ်လပ်လပ် သယ်ယူခွင့်ရရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ( YGEA)မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆိုသည်။
လက်ရှိတွင်ရွှေ၏ စံချိန်စံညွှန်းနှင့် အလေးချိန် စံချိန်စံညွှန်းများအား ထုတ်ပြန်ပေးရေး ၊ ရွှေ လက်ဝတ်ရတနာ ရွှေနှင့်ပြုလုပ်သော အနုပညာပစ္စည်းများ အသုံးအဆောင်ပစ္စည်းများ တင်ပို့ တင်သွင်းခြင်း ဆိုင်ရာ One Stop Service(OSS)ကိစ္စရပ်များအား ဆောင်ရွက်ပေးရေးတို့အတွက် ရွှေလုပ်ငန်းရှင်များနှင့် အစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနများဆွေးနွေးဆောင်ရွက်လျက်ရှိသည်။
စံချိန်မီရွှေကို မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေနှင့်နိုင်ငံခြားသုံးစီမံခန့်ခွဲမှုဥပဒေ ၊စည်းမျဉ်းနှင့် ညွှန်ကြားချက်များအရ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တင်ပို့ ၊တင်သွင်းခြင်း ဆောင်ရွက် ရမည်ဖြစ်ပြီး တင်ပို့၊တင်သွင်း ခြင်းပြုလုပ်ရာတွင် ပင်လယ်ရေကြောင်းမှ တင်ပို့ ၊တင်သွင်းခြင်း၊လေကြောင်းမှ တင်ပို့ ၊တင်သွင်းခြင်းနှင့် နယ်စပ်လမ်းကြောင်းမှ တင်ပို့ ၊တင်သွင်းခြင်း ပြု လုပ်ရမည်ဖြစ်ကာ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ သတ်မှတ်ထားသော နိုင်ငံခြားငွေကြေးဖြင့်သည့် L/C သို့ TT စနစ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
Myanmar times