ပြည်ပမှ ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ် (GAqP) နဲ့ မွေးမြူထားတဲ့ ငါးတွေကိုသာ ဝယ်လိုအားရှိနေ


15 March, 2019

ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ် (GAqP) ဆိုတာက နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ မွေးမြူရတာဖြစ်ပြီး အစားအစာဘေးကင်းလုံခြုံရေးအပြင် ငါးမွေးမြူထုတ်လုပ်တဲ့ အဆင့်တိုင်းမှာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဖို့အစားအစာဘေးကင်းရေးကို ဦးစားပေးမွေးမြူတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

အစားအစာဘေးကင်းရေးကို ဂရုစိုက်လာတဲ့ ပြည်ပနိုင်ငံကြီးတွေကလည်း သူတို့နိုင်ငံထံ တင်သွင်းနေတဲ့ ရေထွက်ကုန်ငါးတွေကို GAqP စနစ်နဲ့ မွေးမြူမှသာ လက်ခံ စားသုံးလိုကြောင်း ထုတ်ဖော်ပြောဆိုနေကြပြီဖြစ်ပါတယ်။

အာဆီယံနိုင်ငံအချို့မှာ ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ် ( GAqP ) ကို ကျင့်သုံးနေပေမယ့် မြန်မာနိုင်ငံမှာတော့ ( GAqP ) စနစ်ကို ကျင့်သုံးဖို့ (၂၀၁၁) ခုနှစ်ကတည်းက အကောင်ထည်ဖော် ဆောင်ရွက်ပေမယ့် အပြည့်အဝကျင့်သုံးနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ပြည်ပနိုင်ငံတွေက ( GAqP ) ကျင့်စဉ်နဲ့အညီ မွေးမြူထုတ်လုပ်တဲ့ငါးတွေကိုသာ ဝယ်လိုအားကောင်းပြီး ဈေးကောင်းပေးဝယ်လာတာကြောင့်  မြန်မာနိုင်ငံက ငါးမွေးကန်တွေကို ကောင်းမွန်တဲ့ မွေးမြူရေကျင့်စဉ်နဲ့ ပြောင်းလဲမွေးမြူဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနကတော့ မွေးမြူရေးတောင်သူတွေကို (GAqP)ကျင့်စဉ်နဲ့ မွေးမြူတတ်လာစေဖို့ သင်တန်းတွေကို ကွင်းဆင်းပို့ချပေးနေပြီဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်ရှိကျင့်သုံးနေတဲ့စနစ်အရ ငါးမွေးကန်မှာ ရေသွင်း၊ရေထုတ်စနစ်ကို မြောင်းတစ်ခုတည်း အသုံးပြုတာတွေကနေတစ်ဆင့် ငါးရောဂါတွေဖြစ်နိုင်ချေရှိနေပါတယ်။

ဒီလို အရည်အသွေးမမီတဲ့ ငါးတွေကို မွေးမြူထုတ်လုပ်နေရင် ပြည်ပက ဝယ်လိုအားလည်း ကျဆင်းနိုင်ဖွယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းဦးစီးဌာနက (GAqP) အသိအမှတ်ပြုလက်မှတ် ရယူလိုတဲ့ ငါးမွေးကန်တွေကို ကွင်းဆင်းစစ်ဆေးပေးနေပြီး လုပ်ငန်းရှင်တွေ ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းဆောင်ရွက်ထားပါတယ်။

MRTV - 4 News

Export, Import Read 439 times