ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို စည်ပင်လိုင်စင် စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ပေးထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လက်ရှိတွက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုရိပ်သာနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ဆက်စပ်လုပ်ကိုင်လျက်ရှိသော လက်မှတ်အရောင်းဌာနများနှင့် လေယာဉ်လက်မှတ်အရောင်းဌာနများသည် စည်ပင်လိုင်စင်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ခရီးသွားကုမ္ပဏီများ စည်ပင်လိုင်စင်ပြုလုပ်ရန်နှင့် ပြုလုပ်ခြင်းမရှိသည့် ကုမ္ပဏီများကို လုပ်ငန်းပိတ်သိမ်းပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈ မတ်လအတွင်း အကြောင်းကြားခဲ့သော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ဆွေးနွေးခဲ့ပြီးနောက် ယခုလို စည်ပင်လိုင်စင်စည်းကြပ်မှု ကင်းလွတ်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟိုတယ်အတွင်း ဖွင့်လှစ်ထားသော်လည်း ဟိုတယ်ပြင်ပရှိ အများပြည်သူများအား ရောင်းချနေသည့် စားသောက်ဆိုင်များကို လက်ရှိဆောင်ရွက်နေသော မူဝါဒအတိုင်း ဆက်လက်လိုင်စည်စည်းကြပ်မည်ဟု သိရသည်။
ခရီးသွားများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စည်းကြပ်ခွန်ကောက်ခံသည့်အပေါ် ကျေနပ်မှုမရှိသဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဆက်သွယ်ကာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ အသိပေးတိုင်ကြားပြီးနောက် ယခုကဲ့သို့ ကင်းလွတ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။
Myawaddy