- ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အထူးကုဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၇၈ ဦးကို ထပ်မံဖြည့်တင်း ခန့်ထားပေးခဲ့ပါသည်။
- ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ အမ်း၊ မြေပုံမြို့နယ်များတွင် အရန်သားဖွားသစ်လွင် သင်တန်းတစ်ကြိမ်ဖြင့် အရန်သားဖွား (သစ်လွင်) ၃၂ ဦး၊ အရန်သားဖွား မွမ်းမံသင်တန်း နှစ်ကြိမ်ဖြင့် အရန်သားဖွား ဆရာမ ၄၉ ဦး စုစုပေါင်း သင်တန်းသူ ၈၁ ဦးတို့ကို လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။
- ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)သင်တန်း ပြီးဆုံးသွားပြီဖြစ်သော ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းဆင်း ၁၀၁ ဦးမှာ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် လူထုကျန်းမာရေး လုပ်သား သစ်လွင်သင်တန်း ခုနစ်ကြိမ်ဖြင့် လူထုကျန်းမာရေးလုပ်သား (သစ်လွင်) ၁၉၆ ဦး၊ လူထုကျန်းမာရေးလုပ်သား မွမ်းမံသင်တန်း တစ်ကြိမ်ဖြင့် လူထုကျန်းမာရေးလုပ်သား ဦးရေ ၂၀ အား သင်တန်းပေးနိုင်ခဲ့ပါသည်။ ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် သွေးလှူဘဏ်ငယ်အသစ် တည်ထောင်ရေးအတွက် JICA အဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ် တပ်ဆင်ထားပြီး ဖြစ်ပါသည်။
ကျန်းမာရေးကဏ္ဍတွင် အကျင့်ပျက်မှု၊ တရားမဝင် အခကြေးငွေပေးရမှု၊ မတရားအမြတ်ထုတ်မှုများ၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှုများရှိပါက အရေးယူ ဆောင်ရွက်နိုင်ရန် ဆေးရုံများနှင့် ကျန်းမာရေးဌာနများ အားလုံးတွင် အကြံပြုစာသေတ္တာ (Suggestion Box) များ ထားရှိပါသည်။
စစ်တွေ အထွေထွေရောဂါကုဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် Master Plan ရေးဆွဲလျက်ရှိပြီး နော်ဝေနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် 3MDG အဖွဲ့တို့မှ သက်ဆိုင်ရာပညာရှင်များနှင့် ငါးကြိမ် တွေ့ဆုံ ဆွေးနွေးကာ Master Plan နှင့်ပတ်သက်၍ ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း၊ Working Group Committee ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီး ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများအနက် လုပ်ငန်း ရှစ်ခုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီး တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်း သုံးခုအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်အတွင်း အာဟာရစားသုံးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအား ဆန်းစစ်နိုင်ရန် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုစစ်တမ်း (Myanmar Micronutrient Food Consumption Survey) စာရင်း ကောက်ယူမှုမှာ ရခိုင်ပြည်နယ်အတွင်း စစ်တမ်းကောက်ကွက် ၃၀ (တိုင်းရင်းသားသီးသန့် ၂၃ ကွက်၊ မွတ်စလင်လူမျိုးသီးသန့် လေးကွက်၊
တိုင်းရင်းသား-မွတ်စလင် အရော သုံးကွက်) ကောက်ယူခဲ့ပြီး ရလဒ်များအား ဆန်းစစ်နေပြီဖြစ်ပါသည်။ ယင်းသို့လေ့လာဆန်းစစ်မှုများ ပြုလုပ်နေသည့် အပြင် ရခိုင်ပြည်နယ်တွင် အာဟာရချို့တဲ့မှုနှုန်း လျော့နည်းစေရန်အတွက် ပုံမှန် ဆောင်ရွက်နေသည့် အာဟာရစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သန်ချဆေး တိုက်ကျွေးခြင်း စသည်တို့ကို
သတ်မှတ်ကာလအလိုက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ အာဟာရချို့တဲ့မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အာဟာရချို့တဲ့မှုဆိုင်ရာ ကုသစောင့်ရှောက်ခြင်း သင်တန်း လေးကြိမ်ကို စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၂၀၄ ဦးကို လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ ပုံမှန်ဖြန့်ဖြူးခဲ့ပြီး အာဟာရချို့တဲ့မှု ဘက်စုံ ကုသစောင့်ရှောက်ရေး ဆိုင်ရာ သင်ကြားရေးအထောက်အကူပြု ပစ္စည်းအစုံ ၁၀၀၊ အမေနှင့် ကလေး အာဟာရဖွံ့ဖြိုးမှုတိုင်း အီလက်ထရွန်နစ် စက်ပစ္စည်း ခြောက်ခု၊ ကလေးအရပ်တိုင်းကိရိယာ ခြောက်ခု၊ ကလေး လက်မောင်းပတ်တိုင်း ကိရိယာ အခု ၂၀၀၊ အထူးနို့မှုန့်အမျိုးမျိုး ခြောက်သေတ္တာတို့ကို ထောက်ပံ့ခဲ့ပါသည်။