အစိုးရမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ဆောင်ရွက်နေမှုများ


13 June, 2018

JICA မှ ချေးယူငွေ ဂျပန်ယန်း ၂၆၂၄ သန်းဖြင့် ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဒေသတွင်းဖွံ့ဖြိုးမှုစီမံကိန်း အဆင့် (၁) ကို ဆောင်ရွက်ရာမှာ မြို့ပေါင်း ၂၃ မြို့တွင် ရေပေးဝေရေးလုပ်ငန်းအပါအဝင် လုပ်ငန်းပြီးစီးမှု ၁၀၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။

အဆိုပါမြို့တွေကို ရေပေးဝေရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့နှင့် ပြည်သူတွေ သန့်ရှင်းသောသောက်သုံးရေစဉ်ဆက်မပြတ်ရရှိစေဖို့အတွက် ရေးဆွဲထားသော Operation and Maintenance Manual တွေနဲ့အညီ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့တွေက ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါသည်။

သောက်သုံးရေပေးဝေမှုလုပ်ငန်းတွေမှာ အိမ်သွယ်ရေတိုင်အထိ သတ်မှတ်အရည်အသွေးရှိမရှိ အမြဲမပြတ် စောင့်ကြည့်စစ်ဆေးသောစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့တွေ၊ မြို့တော်ရေေးဝေရေးအဖွဲ့တွေကို စစ်ဆေးနိုင်ဖို့ လေ့ကျင့်ဖွဲ့စည်းပေးထားကြောင်း ဒုတိယဝန်ကြီးက ပြောခဲ့ပါသည်၊

ထို့အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားသောရေလှောင်တမံ ၂၃၅ ခု၊ ရေလွှဲဆည် ၁၀၇ ခု၊ ကန် ၇၁ ခု၊ ရေတံခါး ၁၆၈ ခုရှိကြောင်း သိရပါသည်။

ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ နှစ်စဉ်ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ် မူတည်ကာ အရေးကြီးပြုပြင်ဖို့ လုပ်ငန်းတွေကို စိစစ်ပြီး ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်နေရပေမဲ့ သဘာဝအန္တရာယ်ကြောင့် ပျက်ဆီးမှုတွေကိုလည်း အရေးပေါ်ဆောင်ရွက်ရမှုများရှိကြောင်း ဒုတိယဝန်ကြီးက ပြောခဲ့ပါသည်။

အကန့်အသတ်တွေရှိနေသောကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအားလုံးကို ပြည့်စုံစွာ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ယခုလိုအဖြစ်အပျက်တွေကြောင့် ဆည် ၁၀ ခုရဲ့ရေသောက်စနစ်တွေကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ဖို့ နိုင်ငံခြားချေးငွေများရယူဆောင်ရွက်ခဲ့ရတယ်လို့ ပြောခဲ့ပါသည်။

အခုလိုဆောင်ရွက်ခြင်းဖြင့် ဆည်ရေသောက်ဧရိယာ ဧက သုံးသိန်းခန့်အပေါ် ထိရောက်လျှင်မြန်စွာ ရေပေးဝေနိုင်ခြင်း၊ ရေလေလွင့်ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ ရေရရှိမှုပိုမိုသေချာခြင်းတို့ကြောင့် တစ်နှစ်လျှင် အနည်းဆုံးစိုက်ပျိုးသောသီးနှံ နှစ်သီးကို အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

လယ်ယာကဏ္ဍ အဆင့်မြှင့်တင်သွားဖို့ကိုလည်း ရဲနွယ်၊ ကွန်းချောင်းဆည်တည်ဆောက်မှုလုပ်ငန်း ပြီးစီးပြီဖြစ်သောကြောင့် ဆည်ရေသောက်စနစ် အကောင်အထည်ဖော်ဖို့နှင့် အဆင့်မြှင့်လယ်ယာမြေဧက ၅၀,၈၀၀ ဖော်ထုတ်ဖို့ကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၉၈.၉၆ သန်း ချေးယူဖို့ လက်မှတ်ထိုးခဲ့ကြောင်း သိရပါသည်။

သို့သော် အဆင့်မြှင့်လယ်ယာဖော်ထုတ်ခြင်း လုပ်ဆောင်ဖို့ တောင်သူတွေက သဘောတူညီမှုရရှိခဲ့ပေမဲ့ မူလသဘောတူညီချက်ကို တောင်သူအချို့က သဘောထားပြောင်းလဲခဲ့တာကြောင့် အဆင့်မြှင့်လယ်ယာဖော်ထုတ်ခြင်းကို ချန်လှပ်ခဲ့ကြောင်း သိရပါသည်။

ယခုလိုအဖြစ်အပျက်တွေကြောင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် လယ်ယာသုံးစက်ကိရိယာဝယ်ယူခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီး ချေးငွေရယူမှု အမေရိကန်ဒေါ်လာ ၁၉၈.၉၆ သန်း မှ ၁၃၅.၆၃ သန်းကို လျှော့ချသွားဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေကြောင်း သိရပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့စီးပွားရေးကော်မတီကိုလည်း တင်ပြထားပြီးဖြစ်သောကြောင့် ခွင့်ပြုချက်ရရှိပါက စီမံကိန်းသက်တမ်း ပြန်လည်ပြင်ဆင်ခြင်း၊ ချေးငွေစာချုပ် ပြင်ဆင်ချုပ်ဆိုခြင်းလုပ်ငန်းတွေကို နှစ်ဖက်ညှိနှိုင်းကာဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီးက ပြောခဲ့ပါသည်။

Local News Read 479 times