စက်သုံးဆီဈေးတည်ငြိမ်စေရန် အစိုးရမှ ကူညီပေးမည်


auto
20 April, 2018

စက်သုံးဆီဈေးနှုန်းထိန်းညှိနိုင်ရန် ပြည်တွင်းထုတ်ဓာတ်ဆီ ဂါလန်သုံးသန်းကို စက်သုံးဆီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချမည်ဟု မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းက ကြေညာခဲ့ပါသည်။

မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၏ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှ ဓာတ်ဆီများကို ယခင်က တင်ဒါစနစ်ဖြင့် စက်သုံးဆီ အရောင်းဆိုင်များသို့ ရောင်းချနေရာမှ ယခုအခါ တစ်ဂါလန်လျှင် ကျပ် ၃,၂၀၀ နှုန်းဖြင့် တစ်ပြေးညီရောင်းချပေးမည်ဟု အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

အစိုးရက ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ တွက်ချက်ပြီး အများ ပြည်သူအသုံးပြုနိုင်ဖို့ ရောင်းချပေးမှာဖြစ်၍ နိုင်ငံခြားစက်သုံး ဆီအစား နယ်ဘက်ဒေသတွေမှာ ဈေးနှုန်းပိုသက်သာတဲ့ ပြည်တွင်းထုတ်ဓာတ်ဆီကို အသုံးပြုနိုင်မယ်ဆိုရင် စက်သုံးဆီ ဈေးကွက် တစ်နည်းတစ်ဖုံ ထိန်း ထားနိုင်မှာဖြစ်လို့ တင်ဒါစနစ်နဲ့ မရောင်းတော့ဘဲ အားလုံးကို ဖွင့်ရောင်းပေးရခြင်းဖြစ်ပါသည်ဟု ၎င်းက ပြောခဲ့ပါသည်။

ထို့ကြောင့် စက်သုံးဆီ ဝယ်ယူလိုပါက ဝယ်လိုသည့် ပမာဏကို စာရင်းပေးပို့ရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးရေးအသင်းက ဧပြီ ၁၉ ရက် တွင် စက်သုံးဆီကုမ္ပဏီနှင့် အရောင်းဆိုင်များထံ ထပ်ဆင့်ညွှန် ကြားထားပြီး စက်သုံးဆီ စတင်ဖြန့်ဖြူးရောင်းချမည့် အချိန်ကို ကြေညာခြင်းမရှိသေးကြောင်း သိရပါသည်။

ယခင်က ပြည်တွင်းထုတ် ဓာတ်ဆီကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့၍ ဈေးနှုန်း သတ်မှတ်ချက် အတိအကျမရှိခဲ့သော်လည်း ယခု ရောင်းချပေးမည့်ဈေးထက် ပိုများ ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ယခုရောင်းမည့် စနစ်ကို စက်သုံးဆီအရောင်းဆိုင်တွေက တော်တော်များများ စိတ်ဝင်စားကြသော်လည်း ဝယ်ပြီးရင် သိုလှောင်ထားဖို့ အခက်အခဲရှိနေသောကြောင့် ဝယ်မယ့်သူတွေက လိုသလောက်ကိုပဲ စက်ရုံက ထုတ်ယူချင်သော်လဲ ထိုအချက်ကြောင့်ပင် အခက်အခဲရှိနေကြောင်း ၎င်းကပြောခဲ့ပါသည်။

ပြည်တွင်းထုတ် ဓာတ်ဆီကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် ဧပြီ ၁၂ ရက်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနတွင် ပြုလုပ်သည့် စက် သုံးဆီဈေးနှုန်း ကြီးမြင့်နေမှုနှင့် ပတ်သက်သော အစည်းအဝေး ၌ ညှိနှိုင်းသဘောတူခဲ့ကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း ကြေညာချက်တွင် ပါရှိပါသည်။

ပြည်တွင်းထုတ် ဓာတ်ဆီ သည် ၂၀၁၀ မတိုင်မီက မြန်မာနိုင်ငံတွင် သုံးစွဲမှုအများဆုံး စက်သုံးဆီဖြစ်သော်လည်း ယာဉ်အသစ်များ ဝင်ရောက်လာပြီးနောက် အသုံးပြုမှုလျော့နည်းခဲ့သည်။

ယာဉ်အသစ်များသည် အ ရည်အသွေးပိုမြင့်သည့် အောက် တိန်းဆီများကိုသာ အသုံးပြုလာ သဖြင့် ရန်ကုန်အပါအဝင် မြို့ကြီး အချို့တွင် ပြည်တွင်းထုတ် ဓာတ်ဆီရောင်းချမှု လျော့နည်းခဲ့သော်လည်း ဆိုင်ကယ်နှင့် လယ်ယာသုံး စက်ယန္တရားအသုံးများသည့် ဒေသအချို့၌ ဈေးနှုန်းသက်သာသည့် ယင်းစက်သုံးဆီကို အားထားနေရဆဲဖြစ်သည်။

ယခု ရောင်းချမည့် ပြည်တွင်းထုတ် ဓာတ်ဆီသည် အောက်တိန်း- 92 ထက် အရည်အသွေး အနည်းငယ် လျော့နည်းပြီး ဈေးနှုန်းလည်း တစ်ဂါလန်လျှင် ကျပ် ၄၀၀ ခန့် သက်သာကြောင်း မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူက ပြောခဲ့ပါသည်။

ဧပြီ ၁၃ ရက်ကစ၍ ကမ္ဘာ့ ရေနံစိမ်းဈေး ပြန်လည်မြင့်တက်လာသော်လည်း လက်ရှိတွင် ပြည်တွင်း စက်သုံးဆီဈေး တည်ငြိမ်နေပြီး သင်္ကြန်ပိတ်ရက်မတိုင်မီက ရောင်းချခဲ့သည့် ဈေးနှုန်းအ တိုင်း ရှိနေကြောင်း၊ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကို ထိန်းထားနိုင်သော်လည်း ကမ္ဘာ့ရေနံစိမ်းဈေး ဆက်လက် မြင့်တက်လာပါက ပြည်တွင်း ဈေး ကွက်၌ အပြောင်းအလဲရှိလာနိုင် ကြောင်း စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူအချို့က ဆိုသည်။

7 day daily

Local News Read 534 times