အမှုထမ်းများအတွက် ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းများအတွက် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးမည့် ဝန်ထမ်းလစာတိုးမြှင့်မှုကို ယခုဧပြီလမှစတင်ပြီး တိုးမြှင့်ပေးနိုင်ရန် တွက်ချက်စီစဉ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အလုပ်သမားတစ်ဦး၏ တစ်နေ့တာ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးပြီး အရာထမ်းလစာကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စီစဉ်တွက်ချက်ပြီးဖြစ်ကြောင်း ပြေကြားခဲ့ပါသည်။
ဆက်လက်၍ ၎င်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာမှာ ကျပ် ၁၂၀၀၀၀ မှ ၁၄၄၀၀၀အထိ တိုးမြှင့်သွားမည်ဖြစ်ပြီး အရာထမ်းတစ်ဦး၏ အများဆုံးလစာမှာ ကျပ် ၅၀၀၀၀၀ မှ ၅၅၀၀၀၀ သို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။
နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများအတွက် ယခုလို စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းများကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် သတိပြုစေလိုကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ရှိတွင် လစာတိုးမြှင့်မည့် တရားဝင်ညွှန်ကြားစာမှာ ဝန်ကြီးဌာနများသို့ စတင်ရောက်ရှိနေပြီဖြစ်ကြောင်း စကားသတင်းများစွာပျံနှံ့နေပြီး ထိုသို့ပျံ့နှံ့မှုမှာ ဝန်ထမ်းလစာကို ဧပြီလအတွင်းပေးနိုင်ရန် ဝန်ထမ်းအင်အား၊ လစာနှင့် နှုန်းထားများကို တွက်ခိုင်းခြင်းသာဖြစ်နိုင်ကြောင်း၊ သိရှိလိုသည်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သေချာစွာမေးမြန်းစေလိုကြောင်း ဦးဇော်ဌေးက ပြောခဲ့ပါသည်။
အနည်းဆုံးအခကြေးငွေအနေဖြင့် တစ်နေ့လျှင် ၃၆၀၀ ကျပ် မှ ၄၈၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှုန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် ဝန်ထမ်းများလစာတိုးမြှင့်ပေးမည်ဟု ပြောကြားခဲ့ခြင်းကြောင့် အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ သတ်မှတ်ရန် သေချာသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုမှသာလျှင် စတင်အသက်ဝင်မည်ဖြစ်သည်။
Eleven