ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးထုတ်လုပ်ရေးဇုန်တစ်ခုကို တည်ထောင်ရန် အစိုးရနှင့် ပုဂ္ဂလိက တို့အကျိုးတူပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။
ယင်းဆေးဝါးထုတ်လုပ်ရေးဇုန်တည်ထောင်ရန် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ငါးဆူတောင်တွင် လျာထားဆောင်ရွက်နေပြီး ယင်းစက်မှုဇုန်တည်ဆောက်ပြီးစီးပါက ပြည်တွင်းဆေးဝါးလိုအပ်ချက်၏ ၅ဝ%ခန့်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆေးဝါးစက်ရုံတည်ဆောက်ရန် ဆွေးနွေးနေတာကြာပြီ။စီမံကိန်းအသေးစိတ်ဆွေးနွေးမှုများ ကျန်သေးသည်။ စီမံကိန်းဆောင်ရွက်ရန်အတွက် သေချာသည်။ နိုင်ငံခြားမှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများလည်း ဒီမှာစက်ရုံတည်ထောင်ရန်လာရောက်ဆွေးနွေးထားခြင်းများ ရှိနေသည်။
ယင်းစီမံကိန်းသာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးလျှင် ပြည်တွင်းဆေးဝါးဈေးကွက်ပိုပြီးထိန်းလာနိုင်မည်ဖြစ်သလို နိုင်ငံခြားငွေယိုပေါက်ကိုလည်း တစ်ဖက်တစ်လမ်းမှ ထိန်းပြီးသားဖြစ်သွားမည်ဟု ဆေးဘက်ဆိုင်ရာလူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး နှင့် စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ အင်းစိန် ကြို့ကုန်းရှိ BPI(MPF)ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ပြင်ဦးလွင် BPIဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ကျောက်ဆည်ဆေးဝါးထုတ်လုပ်ရေးစက်ရုံတည်ရှိပြီး ဆေးဝါးထုတ်လုပ်နိုင်မှုသည် တစ်နိုင်ငံလုံးဆေးဝါး လိုအပ်ချက်၏ ၁ဝ% သာရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။
Pyi Myanmar