အိုးဝေကို ထပ်မံယှဉ်ပြိုင်လာသော Grab


14 June, 2018

မိုဘိုင်းဖုန်း အက်ပလီကေးရှင်းဖြင့် အငှားယာဉ်ခေါ်သည့် ဝန်ဆောင်မှုပေးသော စင်ကာပူအခြေစိုက် Grab သည် GrabThoneBane ဟူသော အမည်ဖြင့် သုံးဘီးကားငှားသည့်ဝန်ဆောင်မှုကို ဇွန် ၄ ရက်က မန္တလေးတွင် စတင်လိုက်ကြောင်း အဆိုပါကုမ္ပဏီကကြေညာသည်။

လက်ရှိတွင် မန္တလေး၌ အိုးဝေကုမ္ပဏီ၏ မီနီအိုးဝေဟု ခေါ်သော သုံးဘီးကား အငှားဝန်ဆောင်မှုမှာ ပြီးခဲ့သောနှစ် နှောင်းပိုင်းကတည်းကရှိနေပြီးဖြစ်ရာ ၎င်းတို့၏ ပြိုင်ဘက်အဖြစ် Grab က ဈေးကွက်အတွင်း ဝင်ရောက်လာခြင်း ဖြစ်သည်။

အဆိုပါ သုံးဘီးဝန်ဆောင်မှုသည် မန္တလေးမြို့တွင် အလားအလာကောင်းများရှိကြောင်း Grab ၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ယခုဆိုရင် လမ်းပေါ်မှာ မီနီအိုးဝေမဟုတ်တဲ့ သုံးဘီးမောင်းသမားတွေလည်း တွေ့မြင်နေရသောကြောင့် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုက်လံစည်းရုံး၍ သူတို့အတွက် လိုင်စင်ရအောင်ကအစ ဆောင်ရွက်ပေးပါတယ်။

ယခုလတ်တလောတွင် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ သုံးဘီးယာဉ်မောင်း အယောက် ၃ဝဝ ဝန်းကျင်ရှိ၍ ခြောက်လအတွင်း ၁ဝ ဆ တိုးတက်လာသည်ဟု Grap ၏တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ထို့ပြင် ရန်ကုန်တွင် တက္ကစီမောင်းတဲ့ ကားတွေ ကုမ္ပဏီ သုံးလေးခုနဲ့ချိတ်ပြီး တကယ်တမ်း ပြဿနာဖြစ်လာတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှု ကိစ္စရပ်တွေမှာ အငြင်းပွားစရာ ဖြစ်စေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ မန္တလေးက ကျွန်တော်တို့ရဲ့ သုံးဘီးယာဉ်မောင်း လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းနဲ့ပဲ လုပ်ကိုင်ရမယ်ဆိုတဲ့ စည်းကမ်းချက်ချမှတ်ထားသည်ဟု ၎င်းက ဆက်ပြောခဲ့ပါသည်။

ကုန်ကျစရိတ်သက်သာခြင်း၊ လွယ်ကူပေါ့ပါးခြင်းတို့ကြောင့် သုံးဘီးတက္ကစီများသည် ဆိုင်ကယ်တက္ကစီများနေရာ အစားထိုး ဝင်ရောက်လာခဲ့ပြီး မန္တလေးမြို့တွင် သုံးဘီးများ နေရာအနှံ့ မြင်တွေ့နေရပြီဖြစ်သည်။

 Myanmar Times

Local News Read 977 times