လုပ်ဆောင်ချက်အသစ်တွေမိတ်ဆက်လိုက်တဲ့ Grab


21 June, 2018

ခရီးသည်များအတွက် လုပ်ဆောင်ချက် အသစ်နှစ်မျိုးဖြစ်သည့် အရေးပေါ်လုံခြုံရေး လုပ်ဆောင်ချက်အသစ်နှင့် Help Center တစ်ခုကို Grab အက်ပလီကေးရှင်းတွင် ထည့်သွင်းမိတ်ဆက်ခဲ့ကြောင်း Grab က ကြေညာခဲ့ပါသည်။

ထပ်မံတည့်သွင်းပေးသော နည်းပညာတွေက မြန်မာနိုင်ငံက လူတွေရဲ့ နေ့စဉ်သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေအတွက် အလွယ်တကူအသုံးပြုနိုင်တဲ့ အက်ပလီကေးရှင်းနဲ့ လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝတဲ့ပလက်ဖောင်းတစ်ခုကို အသုံးပြုပြီး ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ထင်သာမြင်သာဖြစ်စေမှာဖြစ်ကြောင်း Grab Myanmar တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

အက်ပလီကေးရှင်း၏ Menu မှတစ်ဆင့် Emergency သို့ဝင်ရောက်ကာ မိမိတို့၏ မိသားစုဝင်၊ သူငယ်ချင်း (သို့မဟုတ်) အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်သုံးခုကို ထည့်သွင်းထားနိုင်မည်ဖြစ်ပြီး အရေးပေါ် ဖုန်းနံပါတ်များကိုလည်း အချိန်မရွေးပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း သိရပါသည်။

ထို့သို့ ထည့်သွင်းထားခြင်းကြောင့် Grab Taxi စီးနင်းနေစဉ် အချိန်အတွင်း ခရီးသည်က အရေးပေါ်ခလုတ်ကို နှိပ်လိုက်ပါက ခရီးစဉ်အသေးစိတ်အချက်အလက်များကို အရေးပေါ်ထည့်သွင်းထားသော ဖုန်နံပါတ်များထံသို့ စာတို (SMS) ပေးပို့မည်ဖြစ်သည်။

Autoalert (အလိုအလျောက် သတိပေးခြင်းစနစ်) ဖွင့်ထားလျှင်လည်း မိမိသွားနေသော ခရီးစဉ်အသေးစိတ်အချက်အလက်များကို မိမိထည့်သွင်းထားသော အရေးပေါ်ဖုန်းနံပါတ်များသို့ အလိုအလျောက် SMS ပေးပို့မည်ဖြစ်သည်။

ထို့ပြင် Grab အက်ပလီကေးရှင်း၏ ပထမစာမျက်နှာတွင် အရေးပေါ်ခလုတ်ပြသထားသည့်အတွက် ယင်းခလုတ်ကို နှိပ်လိုက်ရုံဖြင့် နီးစပ်ရာ ရဲစခန်းသို့ ခေါ်ဆိုနိုင်သည်။

အက်ပလီကေးရှင်းတွင် ပါဝင်လာသည့် HelpCenter အသစ်တွင် ခရီးသည်များ မကြာခဏ မေးမြန်းထားသော မေးခွန်းများကို စုစည်းဖော်ပြထားသည်။ ဥပမာ Grab Taxi ပေါ်တွင် ပစ္စည်းမေ့ကျန်ခဲ့သည့် ခရီးသည်များ၊ ခရီးသည်များ ကားငှားရမ်းသည့်အခါ အဆင်မပြေဖြစ်မှုများ၊ ခရီးသည်များနှင့် ယာဉ်မောင်းငွေပေးချေရန်ကိစ္စများ (သို့မဟုတ်) နားလည်မှုလွဲမှားသော ကိစ္စများအပြင် Grab အက်ပလီကေးရှင်းအသုံးပြုပုံနှင့် Grab Rewards ရှိ Loyalty Programme တွင် ပါဝင်ပုံ စသည်တို့ကို ဝင်ရောက်လေ့လာနိုင်သည်။

  Myanmar Times

Local News Read 442 times