ဥရောပသမဂ္ဂ(EU)၏ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP)မသေချာမှုက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ရွှေ့ပြောင်းလာမည့် စက်ရုံ၊ အလုပ်ရုံများအတွက် ဆုံးဖြတ်ချက်ချရန်ခက်ခဲသော အခြေအနေဖြစ်နေသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးအောင်နိုင်ဦးက ပြောသည်။ GSP ဆက်လက်ထားရှိမည်ဆိုပါက မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် အလားအလာကောင်းများ ရှိနေသည်ဟု ၎င်းကဆိုသည်။
တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး ဥရောပနိုင်ငံများသို့တင်ပို့နေသည့် စက်ရုံ၊ အလုပ်ရုံများက သွင်းကုန်အခွန် ၁၃ ရာခိုင်နှုန်း သက်သာသည့် ကုန်သွယ်မှုအထူး အခွင့်အရေးကို ရယူခံစားလိုသဖြင့် မြန်မာနိုင်ငံသို့ရွှေ့ပြောင်းရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။‘‘အီးယူက GSP သာ ဆက်ထားရင် ရင်းနှီးမြှုပ်နှံမှုတွေက ဒီထက်ပိုဝင်လာမယ်’’ ဟု ဦး အောင်နိုင်ဦးက ပြောသည်။
အထည်ချုပ်များအပါအဝင် အီးယူဈေးကွက်သို့ ကုန်ပစ္စည်း များတင်ပို့နေသည့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် စီး ပွားရေးလုပ်ငန်းရှင်များက ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနရုံးသို့ လာရောက်မေး မြန်းမှုများလည်း ရှိနေသည်ဟုဆို သည်။မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော ဥရောပဈေး ကွက်တင်ပို့နေသည့် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များကလည်း ကုန်သွယ်မှုအခွင့်အရေးဆုံးရှုံးမည်ကို စိုးရိမ်နေသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အီးယူ GSP စတင်ရရှိခဲ့သည့် ၂၀၁၃ နောက်ပိုင်း အထည်ချုပ်ကဏ္ဍ အပါအဝင် စက်ရုံ ၃၀၅ ရုံအထိ တိုးမြင့်လာသည်။ ဥရောပ ဈေးကွက်သို့ တင်ပို့နေသည့်အဆိုပါ စက်ရုံများက အလုပ်သမားသုံးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းပေးထားသည်။ အီးယူ GSP ကြောင့် လူတစ်ထောင်လျှင် ခြောက်ဦး အလုပ်အကိုင် အခွင့်အလမ်းရရှိနေသည့်သဘော ဖြစ်ကြောင်း ဦးအောင်နိုင်ဦးကဆိုသည်။ထိုကဲ့သို့သောအခြေအနေ ကြောင့် GSP မရုပ်သိမ်းစေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားသမဂ္ဂအဖွဲ့များ ပူး ပေါင်းကာ ဥရောပသမဂ္ဂအဖွဲ့ (အီးယူ)သို့ ပြီးခဲ့သည့် ဒီဇင်ဘာက လက်မှတ်ထိုးတောင်းဆိုထားသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဇော် မင်းဝင်းက ပြောသည်။
အီးယူဈေးကွက်က လယ်ယာထွက်ကုန်များအပါအဝင် မြန်မာနိုင်ငံမှ ပို့ကုန်များကို ဝယ်ယူရာ၌ အရည်အသွေးမြင့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူခြင်းကြောင့် မြန်မာ့ပို့ကုန်များ၏ အရည်အသွေးပိုင်း မြင့်တက်လာသည့် အခွင့်အရေးလည်းရရှိသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင် က ပြောသည်။
7 day daily