GSP ဆက်ထားပါကမြန်မာ့ဆန်ဈေးကွက် တိုးမြင့်လာမည်


02 November, 2018

ဥရောပသမဂ္ဂ(အီးယူ) နိုင်ငံများက အခွန်အထူးသက်သာ ခွင့်အခွင့်အရေး(GSP) ဆက်လက်ထားရှိမည်ဆိုပါက မြန်မာနိုင်ငံမှ ဆန်တင်ပို့နေသည့် ဈေးကွက်တိုးမြင့်ရရှိနိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့က မှန်းဆနေကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံကို အီးယူက ကုန်သွယ်မှုအထူးအခွင့်အရေး ရုပ်သိမ်းခဲ့သည်။ဖွံ့ဖြိုးဆဲနိုင်ငံများသို့ပေးထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေးဖြစ်သော အခွန်သက်သာခွင့် ရုပ်သိမ်းခြင်းက မြန်မာနိုင်ငံမှ ဆန်တင်ပို့ခွင့်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွဲဖက်အ တွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောသည်။သို့သော် ကမ္ဘောဒီးယားနိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံကိုလည်း အခွန်သက်သာခွင့် အခွင့်အရေး ဆက်လက်ထားရှိရေး စိန်ခေါ်မှုများရှိနေခြင်းက မြန်မာ့ဆန်စပါး ကဏ္ဍအတွက် မျှော်လင့်ချက်ရဲဝံ့စွာထားရှိရေး အကန့်အသတ် ဖြစ်နေသည်ဟု ၎င်းကဆိုသည်။‘‘နိုင်ငံအတွက် GSP ပြန် မရုပ်ဖို့တော့ ဆုတောင်းနေရ တယ်’’ ဟုဦးလူမော်မြင့်မောင်က ပြောသည်။

အခွန်သက်သာခွင့်ကြောင့် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ ပေါင်းဆန်၊ တန်းမြင့်ဆန်(အကျိုး အကြေ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင် နှုန်း၊ ၁၅ ရာခိုင်နှုန်း)နှင့် ဆန်ကွဲ များအပါအဝင် တစ်နှစ်လျှင် တန်ချိန်သုံးသိန်းမှ ငါးသိန်းအကြား တင်ပို့ရောင်းချနေရသည်။ မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အကြား အီးယူနိုင်ငံများက ဈေးကွက်ဝေစုရယူထားခြင်းကို ဆန်ကုန်သည်အသိုင်းအဝိုင်းက လက် လွတ်ဆုံးရှုံးခံလိုခြင်းမရှိပေ။

ထို့အပြင် အခွန်သက်သာ ခွင့်ဆုံးရှုံးမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံမှ ပြောင်းရွှေ့လာနိုင်သည့် ဈေးကွက်ဝေစု အသစ်များအတွက်လည်း မြန်မာဆန်ကုန်သည် အချို့က မျှော်လင့်နေသည်။ အီးယူ၏ အခွန်သက်သာခွင့်ကို အာဆီယံ ၁၀ နိုင်ငံအတွင်း ဖွံ့ဖြိုး မှုအနိမ့်ဆုံး ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံထက် နှစ်ပေါင်းများစွာစောပြီး ခံစားခဲ့သည့်နိုင်ငံ ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။မြန်မာနိုင်ငံသည် တစ်နှစ်လျှင်ဆန်တန်ချိန် ၁၄ သန်းခန့် ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုက တန်ချိန်ရှစ်သန်းခွဲခန့်ရှိသည်။ အရက်ချက်စက်ရုံများအပါအဝင် ပြည်တွင်းစက်မှု ထုတ်ကုန်များအတွက် သုံးစွဲမှုက ဆန်တန်ချိန်တစ် သန်းခွဲခန့်ရှိပြီး နှစ်စဉ်ဆန်တန်ချိန်သုံးသန်းမှ လေးသန်းအကြား ပိုမိုသည်။မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုက လယ်ယာကဏ္ဍဖွံ့ဖြိုး ရေးအတွက် အဓိကအခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ၂၀၁၈ ကြားကာလဘဏ္ဍာနှစ်ခြောက်လအတွင်း ပြည်ပဆန်တင်ပို့မှုက တန်ချိန် ၁ ဒသမ ၃ သန်းကျော် ရှိပြီး တရုတ်နိုင်ငံသို့ ၅၀ ရာခိုင်နှုန်းကျော် တင်ပို့ထားသည်။

လက်ရှိတရုတ်နိုင်ငံနယ်စပ်တွင် လုံခြုံရေးတင်းကျပ်ထားခြင်း ကြောင့် ဆန်တင်ပို့မှုလျော့နည်းနေပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုများသာရှိနေသည်။ ထိုကဲ့သို့သော အခြေအနေတွင် အခွန်သက်သာခွင့်ဆုံးရှုံးပါက အီးယူဈေးကွက်သို့ ဆန်တင်ပို့မှုလျော့ ကျသွားပြီး လယ်ယာကဏ္ဍအတွက် ဈေးကွက်ကြီးတစ်ခုလည်း ဆုံးရှုံးရမည့်အခြေအနေမျိုးဖြစ် နေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။အီးယူနိုင်ငံများမှ သွင်းကုန် အခွန် ၁၂ မှ ၁၃ ရာခိုင်နှုန်းအထိ သက်သာခွင့်ပြုထားသော အခွန်အထူးသက်သာခွင့်က မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပို့ကုန်ကဏ္ဍတွင် အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပြီးအထူးအခွန်သက်သာခွင့်ကိုပါ အီးယူနိုင်ငံများက ခွင့်ပြုပေးခဲ့သည်။ ပို့ကုန်အမည် ၅,၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ အီးယူနိုင်ငံသို့ တင်ပို့မည်ဆိုပါက သွင်းကုန်အခွန် ၁၂ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုခဲ့သည်။လက်ရှိ မြန်မာနိုင်ငံတွင် အီးယူအခွန်သက်သာခွင့်နှင့် အများဆုံးဆက်စပ်နေသော လုပ်ငန်းကဏ္ဍက အထည်ချုပ်ကဏ္ဍဖြစ်သည်။အီးယူချုပ်ထည်အမှာ ၇၅ ရာခိုင်နှုန်းခန့် ထုတ်လုပ်နေသော အထည်ချုပ်လုပ်ငန်းများ ဖြစ်သည်။

7 day

Export, Import Read 826 times