ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တို့အကြား တိုက်ရိုက်ပြေးဆွဲမည့် ခရီးစဉ်ကို တရုတ်နိုင်ငံမှ စရိတ်နည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် 9 Air လေကြောင်းလိုင်းက အောက်တိုဘာ ၂၈ ရက်နေ့တွင် စတင်လိုက်သည်။
အဆိုပါလေကြောင်းလိုင်းက ကွမ်ကျိုးနှင့် မန္တလေးမြို့အကြား တိုက်ရိုက်ခရီးစဉ်ကို အောက်တိုဘာ ၂ ရက်နေ့က စတင်ပျံသန်းခဲ့ပြီးနောက် ရန်ကုန်သို့ တိုက်ရိုက်ခရီးစဉ်ကိုပါ တိုးချဲ့လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ကွမ်တုန်ပြည်နယ်၏ မြို့တော် ကွမ်ကျိုးမြို့တို့အကြား ကူးသန်းသွားလာမည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မိသားစု ဆွေမျိုးများထံသို့ အလည်အပတ်သွားရောက်သူများနှင့် အခြားသော ခရီးသည်များအတွက် ခရီးသွားလာရေး ပိုမိုလွယ်ကူချောမွေ့လာစေမည် ဖြစ်သည်ဟု ခရီးစဉ်နှင့် ပတ်သက်ပြီး Yangon Aerodrome Co., Ltd က သတင်းထုတ်ပြန်သည်။
အဆိုပါခရီးစဉ်ကို ခရီးသည် ၁၈၉ ဦးတင်ဆောင်နိုင်သည့် ဘိုးရင်း ၇၈၇-၈၀၀ လေယာဉ်ဖြင့် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ပြေးဆွဲသွားဖြစ်သည်။ ဈေးနှုန်းမှာ ကွမ်ကျိုး-ရန်ကုန်ခရီးစဉ်အတွက် အခွန်မပါ အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာဖြစ်ပြီး ရန်ကုန်-ကွမ်ကျိုးခရီးစဉ်အတွက် အခွန်မပါ ၇၅ ဒေါ်လာဖြစ်သည်ဟု သိရသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ခရီးစဉ်များ စတင်ပြေးဆွဲခဲ့သည့် 9 Air လေကြောင်းလိုင်းသည် ကွမ်ကျိုးအခြေစိုက် စရိတ်နည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ လက်ရှိတွင် ဘိုးရင်း ၇၈၇-၈၀၀ လေယာဉ် ၁၆ စင်းဖြင့် တရုတ်နိုင်ငံတွင်းမြို့ပေါင်း ၄၀ သို့ပြေးဆွဲပေးနေသည်ဟု သိရသည်။
လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းက နိုင်ငံတကာမြို့ကြီး ၂၅ မြို့သို့ ပျံသန်းပြေးဆွဲနေသည်။
frontier myanmar