GWI မှ သီးနှံအာမခံအတွက် အခြေခံစပါးဈေးပေါ်မူတည်၍ ပေးမည်


14 March, 2019

သီးနှံအာမခံဟာ လုပ်ကိုင်ခွင့်ပြုထားတဲ့ အာမခံ (၁၇) မျိုးမှာ ပါဝင်ခြင်းမရှိသေးဘဲ ပြည်တွင်းရှိ Global World Insurance (GWI) မှ Pilot Project အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ GWI ကနေ သီးနှံအာမခံအတွက် အာမခံလျော်ကြေးကို အခြေခံစပါးဈေးနှုန်းအပေါ်မူတည်၍ ပေးအပ်သွားဖို့  စီစဉ်နေပါတယ်။

လောလောဆယ် Pilot Project မှာ စပါးဈေးနဲ့ဆိုရင် တစ်ဧကကို ပရီမီယံက ငါးထောင်ဖြစ်ပြီး ထွက်နှုန်းကိုတင်း (၅၀) သတ်မှတ်ထားပါတယ်။၊ ဒါကြောင့် ဥပမာ ရာသီဥတုဖောက်ဖျက်လို့ တင်း (၅၀) မှာ တစ်စိမှမထွက်တော့ဘူးဆိုရင်  နှစ်သိန်းခွဲရမယ့်သဘောဖြစ်ပါတယ်။

တကယ်လို့ တင်း (၄၀) ထွက်ပြီး (၁၀) တင်းလျော့တယ်ဆိုရင်လည်း (၁၀) တင်းစာ ပေးလျော်သွားမယ့် ဒီလိုရိုးရှင်းတဲ့စနစ်လေး ဖြစ်ပါတယ်လို့ Global World Insurance ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစိုးဝင်းသန့် ကပြောပါတယ်။

အထွက်နှုန်းအခြေခံ Yield Base Design သီးနှံအာမခံကို တစ်ဧကတင်း (၅၀) သတ်မှတ်ထားပြီး အချို့ဒေသများမှာ စပါးထွက်နှုန်းသတ်မှတ်ချက်ပေါ်မူူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာ စပါးတင်း (၁၀၀) ကို (၅) သိန်း ဈေးနှုန်းသတ်မှတ်ထားကာ တစ်နှစ်အတွင်း လျော်ကြေးကို နှစ်ကြိမ်အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။

GWI ကနေ သီးနှံအာမခံ Pilot Project မှာ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှ စပါးဧက (၃၀၀)ကို အာမခံအဖြစ်လက်ခံဆောင်ရွက်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ သီးနှံအာမခံဆောင်ရွက်တဲ့အခါ အမျိုးသားဆင့်သီးနှံအာမခံကော်မတီ ဖွဲ့စည်းရန်၊ သီးနှံအာမခံဥပဒေ ရေးဆွဲရန်နဲ့ သီးနှံတစ်ဆင့်အာမခံ လုပ်ကိုင်ရန် စတဲ့အချက်များ လိုအပ်ချက်ရှိနေပါတယ်။

သီးနှံအာမခံ Pilot Project ကို ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ Insurance Business Regulatory Board (IBRB) ကိုတင်ခဲ့ပြီး စီမံ/ဘဏ္ဍာဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ခွင့်ပြုပေးခဲ့ပါတယ်။

သီးနှံအာမခံ စမ်းသပ်ကာလ ဒုတိယနှစ်ဖြစ်တဲ့ ယခုအခါမှာ Contract farming လုပ်ကိုင်နေတဲ့ အစိုးရအဖွဲ့များ၊ ကုမ္ပဏီများနဲ့ MOU လက်မှတ်ရေးထိုးသွားဖို့ရှိနေပြီး တစ်နှစ်ကို ဧက တစ်ထောင်ခန့် သီးနှံအာမခံပေးဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။

BE NEWS 

Local News Read 458 times