ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ မြေဧက တစ်သောင်းကျော်တွင် ဘိလပ်မြေထုတ်လုပ်ရန် ဖြစ်နိုင်စွမ်းရှိ၊ မရှိ လေ့လာ ဆန်းစစ်ဖို့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနက ဖိတ်ခေါ်ထားပါတယ်။
အဆိုပါ မြေနေရာကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီတွင် ပထမအကြိမ် တင်ဒါခေါ်ယူသော်လည်း လျှောက်ထားသည့် ကုမ္ပဏီသည် နိုင်ငံတော်ကိုပေးဆပ်ရန် အကြွေးကျန်ရှိနေသော ကုမ္ပဏီဖြစ်၍ ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ဆိုပါတယ်။
‘‘ဖက်စပ်လုပ်ဖို့ပါ။ နိုင်ငံခြားကုမ္ပဏီက အဆင်သင့်ရှိတယ်။ ပြည်တွင်း ကုမ္ပဏီဘက်က အဆင်သင့်မဖြစ်လို့ ပြန်ခေါ်ရတာပါ’’ လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောကြားပါတယ်။
အဆိုပါ စီမံကိန်းကို စိတ်ဝင်စားပါက ကုမ္ပဏီများသည် ဇွန်လ ၁၀ ရက် နောက်ဆုံးထား၍ ဌာနသို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ယခုလုပ်ကွက်သည် ဟားခါးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြား ဘုံဇုံးဒေသ၌ရှိပြီး ဂန့်ဂေါမြို့မှ နာရီပိုင်းအတွင်း သွားရောက်နိုင်ပါတယ်။
ချင်းပြည်နယ်အတွင်း ပမာဏကြီးမားသော သတ္တုသိုက်များ ရှိနေ၍ သတ္တုတူးဖော်ရေးကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဖိတ်ခေါ်ထားပါတယ်။
ချင်းပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး၊ အခြေခံအဆောက်အအုံ၊ ရေအားလျှပ်စစ်နှင့် ဓာတ်သတ္တုတူးဖော်ရေးသည် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသော လုပ်ငန်းများဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
သတ္တုတူးဖော်ရေးတွင် နီ ကယ်၊ ခရိုမိုက်၊ ထုံးကျောက်၊ ကြေးနီတို့ အများအပြား မတူးဖော်ရသေးကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
7Day Daily