၂၀၁၉ ခုနှစ်နိုဝင်ဘာရောက်ရင်တော့ မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၁၀ ဒသမ ၈၇ သန်းကျော်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးတိုးတက်ရရှိရေးဆောင်ရွက်နိုင်ပြီလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြင်းခြံမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ သဘာဝဓာတ်အားပေးစက်ရုံဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ လူဦးရေရဲ့ ထက်ဝက်ခန့်ကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ပြီလို့လည်းပြောပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ဖို့ ရည်မှန်းချက်ထားဆောင်ရွက်နေပါတယ်။ ဒါ့ပြင် ဝန်ကြီးဌာနမှ ၂၀၂၁ မှာ နိုင်ငံလူဦးရေရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ မှာ ၇၅ ရာခိုင်နှုန်းအထက်နဲ့ ၂၀၃၀ မှာ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိဖို့ ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဓာတ်အားစနစ်ရဲ့ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံမှ ၂၄၀၀ မဂ္ဂါဝပ်နဲ့ သဘာဝဓာတ်ငွေ့အပါအဝင် အပူစွမ်းအင်သုံးစက်ရုံ ၁၆ ရုံမှ ၁၀၈၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးနေပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာတဲ့အတွက် နှစ်အလိုက်ဓာတ်အားလိုအပ်ချက်မှာ ၂၀၂၀ - ၂၁ ခုနှစ်ရောက်ရင် ၄၅၃၁ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ၂၇၅၇ မဂ္ဂါဝပ်ကို ထပ်မံထုတ်လုပ်ပေးနိုင်ဖို့ ဝန်ကြီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့ပြင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေအပြင် ၂၀၂၀ ခုနှစ်မှာ သဘာဝဓတ်ငွေ့ထုတ်လုပ်မှုကျဆင်းလာမှာဖြစ်တဲ့အတွက် LNG ဓာတ်ငွေ့သုံးစက်ရုံတွေနဲ့ စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ခန့်ကို တည်ဆောက်ကာ ဓာတ်အားတိုးတက်ဖြည့်ဆည်းပေးနိုင်ဖို့လည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၂၀ - ၂၀၂၁ ခုနှစ်မှာ မီးသုံးစွဲနိုင်မှုဦးရေအား တစ်နိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိနေသလို ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေတဲ့ ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနဲ့ ဓာတ်အားစနစ်တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဗို့အားပြည့်ဝနိုင်ရေး အတွက်စီမံဆောင်ရွက်လျက်ရှိပါတယ်။
စင်ကာပူကုမ္ပဏီ Sembcorp Myingyan Inde-pendent Power Plant (IPP) ကနေလည်း မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီအောင် လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ထုတ်လုပ်ဖို့ မြင်းခြံသံမဏိစက်ရုံအနီး မြေ ၂၉ ဒသမ ၈ ဧကမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို မတ်လ ၁၆ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အခု ဖွင့်လိုက်တဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဟာ အစိုးရစီမှ သဘာဝဓာတ်ငွေ့ကို ရယူပြီး လည်ပတ်ထုတ်လုပ်ကာ ဝန်ကြီးဌာနကို လျှပ်စစ်ပြန်လည်ရောင်းချမှာဖြစ်ပါတယ်။ အစိုးရကို ဓာတ်အားရောင်းချတဲ့အခါ သက်သာတဲ့နှုန်းထားနဲ့သာ ရောင်းချမယ်လို့ Sembcorp Industries ကုမ္ပဏီလုပ်ငန်းစုဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Mr.Neil mcGregor ကပြောပါတယ်။
ပြီးတော့ ဓာတ်အားပေးစက်ရုံမှထွက်လာတဲ့ ၂၂၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားတွေကို ၂၃၀ ကေဗီ မြင်းခြံ-သပြေဝ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပို့လွှတ်ကာ တစ်နိုင်ငံလုံးစီ ဖြန့်ဖြူးနေတဲ့ စနစ်အတွင်း ထည့်သွင်းမှာဖြစ်ပါတယ်။
ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိဖို့ သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်မြေသြဇာစက်ရုံတွေ၊ ဆိုလာစွမ်းအင်စက်ရုံတွေ ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
Daily Eleven