ကျေးလက်ဒေသနေပြည်သူများ လူနေမှုဘဝများ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြသကဲ့သို့ မိမိတို့ဒေသတွင် နှစ်ကြာရှည်စွာ လုပ်ကိုင်ထုတ်လုပ်ကြသော ထုတ်ကုန်များဖြင့် မိမိတို့ စီးပွားဖြစ်ရုံသာမက ကျေးရွာနေပြည်သူများ အတွက်ပါ အလုပ်အကိုင်အခွင့် အလမ်းများရရှိကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။
ထိုင်းနိုင်ငံထုတ်တဲ့ ပလပ်စတစ် ပါကင်ကြိုးတွေကို အရင်ကတောင်ကြီးကနေတဆင့် မှာယူနေရသော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်ကလည်း ဝယ်လို့ရသကဲ့သို့ မန္တလေးနဲ့ ရန်ကုန်မြို့တွေက လည်းဝယ်လို့ရတာကြောင့် ပိုပြီးအဆင်ပြေလာကြကြောင်း၊ ယခင်က ခြင်းရက်လုပ်ပြီး ကိုယ်တိုင်မကွေး၊ ချောက်၊ မန္တလေး၊ ရေနံချောင်းမြို့တွေကို လှည့်ပတ်ပြီး ရောင်းကြရသော်လည်း ၂ဝ၁၃ ခုနှစ် နောက်ပိုင်းတွင် လုပ်ငန်းတွင်ကျယ်လာပြီး ရွှေဘို၊ မုံရွာ၊ ပြည်၊ မော်လမြိုင်ကျွန်းမြို့တွေကို မော်တော်ယာဉ်တွေနဲ့ တင်ပို့ရတဲ့အထိ တွင်ကျယ်လာ၍ု လုပ်ငန်းတွင်ကျယ်လာတာနဲ့အမျှ ကျေးရွာကလူငယ်တွေ၊ အမျိုးသမီးတွေလည်း အလုပ်အကိုင်တွေ ရကြပြီး ယခုလုပ်ငန်းတွင် ကလေး၊လူကြီး လုပ်နိုင်တဲ့အတွက်မိသားစုလိုက်လုပ်ကိုင်ရင်းအဆင်ပြေလာကြကြောင်း ကျွမ်းကျင်တဲ့ ခြင်းရက် အမျိုးသမီး တစ်ဦးတစ်ရက်ကို ဆိုဒ်စုံ(၄)လုံးပါ(၂)စုံပြီး၍ တစ်စုံကို ငွေ(၁၈ဝဝ)ကျပ်ဖြင့် တစ်ရက်ကို (၃၆ဝဝ) ကျပ်ဝင်ငွေရသောကြောင့် မိသားစုလိုက်လုပ်နိုင်လေ ဝင်ငွေပိုရလေဖြစ်ကြောင်း ရိုးယာကျေးရွာမှ ပလပ်တစ်ပါကင်ကြိုးလက်ဆွဲခြင်းရက်လုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါသည်။
ပလပ်စတစ် ပါကင်ကြိုးဖြင့် လက်ဆွဲခြင်းရက်လုပ်ငန်းကို ပခုက္ကူမြို့နယ် ရိုးယာ၊ ထန်းပေါက်တော၊ ကူ၊ ရေကြည်စု၊ မြေပတောင်း (တောင်/မြောက်)၊ တမာပင် (တောင်/မြောက်)၊ကန်ကြီး၊ ညောင်ပင်လှရွာသစ်၊ တောင်စု၊ကျောင်းစု၊ မကျည်းစုကျေးရွာများတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။
Source: MOI