ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း နှင့် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း မပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ် အသိပေး


22 August, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ၂၀၂၀ပြည့်နှစ် ဩဂုတ်လ(၂၀)ရက်နေ့တွင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အမိန့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအခြေအနေတွင် ရန်ကုန်မြို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးကို ပိုမိုအလေးထားလာခဲ့ပြီး ဈေးကွက် အတွင်း နှာခေါင်းစည်း (Mask)များ ဝယ်လိုအား မြင့်တက်လာခဲ့သည့်အပေါ် ဈေးနှုန်းမြင့်တင် ရောင်းချခြင်းများတွေ့ရှိနေရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ် မတ်လ (၃၁)ရက် နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြေညာစာအမှတ် (၂၂/၂၀၂၀) အရ အရေးကြီးကုန်စည်များ ဖြစ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ၊ ဆေးဝါးများနှင့် စားသုံးကုန် ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်)ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း တို့ကို တားမြစ်ထားပါသည်။

ဖော်ပြပါ အရေးကြီးကုန်စည်များအား တင်သွင်း၊ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်းမာရေးကိုရှေးရှု၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Local News Read 433 times