ဥရောပ၌ ယခုနှစ်ပထမသုံးလပတ်အတွင်း အအေးလှိုင်းရာသီရိုက်ခတ်မှုကြောင့် ဘီယာ အရောင်းကျဆင်းနေသော်လည်း အာရှ၌မူ ဖက်စပ်ဆောင်ရွက်သည့် တိုက်ဂါးဘီယာ၏အစွမ်းကြောင့် ဟန်နီကယ်ဘီယာများ ဝယ်လိုအားမြင့်တက်လျက်ရှိကြောင်း သိရပါသည်။
အမ်စတာဒန်အခြေစိုက် ဟန်နီကယ်သည် ယင်းအချိန်ပိုင်းအတွင်း ဘီယာတင်ပို့မှု ၄ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကုမ္ပဏီကထောက်ပံ့သည့် ခွဲခြမ်းစိတ်ဖြာသူများ တွက်ချက်သည့် ၄ ဒသမ ၁ ရာခိုင်နှုန်းထက်မြင့်မားပြီး ဘလွန်းဘတ်စီးပွားသတင်းအေဂျင်စီ ခန့်မှန်းချက် ၄ ဒသမ ၈ ထက်မူလျော့နည်းကြောင်း သိရပါသည်။
တိုက်ဂါးဘီယာ၏စွမ်းဆောင်မှုကြောင့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအပါအဝင် အာရှ တိုက်တွင်းဈေးကွက်တွင် ဟန်နီကယ်ရောင်းအားမြင့်မားလာ၍ ဥရောပတွင် ဈေးကွက်ကျဆင်းနေသည့်တိုင် ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားနှင့် အမြတ်အစွန်းမြင့်တက် လာမည်ဟု ဟန်နီကယ် မျှော်လင့်နိုင်ပြီဖြစ်ကြောင်း သိရပါသည်။
ပြင်သစ်၊ စပိန်နှင့် သြစတြီးယားတစ်ဝန်း အအေးလှိုင်းကြောင့် ဘီယာဈေးကွက်အနုတ် လက္ခဏာပြခဲ့သော်လည်း ပထမသုံးလပတ်စွမ်းဆောင်ရည်သည် မျှော်လင့်သည့်အတိုင်းကောင်းမွန်ကြောင်း ဟန်နီကယ်စီအီးအိုက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
နယ်သာလန်အခြေစိုက် ဟန်နီကယ်ဘီယာကို ၁၈၇၃ ခုနှစ်ကစတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၌ နှစ် ၁၅၀ ပြည့်အခမ်းအနားကျင်းပနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၌ ကမ္ဘာတစ်ဝန်း ဟန်နီ ကယ်တံဆိပ် ဘီယာလီတာ ၂ ဒသမ ၇၄ ဘီလီယံဖြန့်ဖြူးနိုင်ခဲ့ပြီး ဟန်နီကယ်အုပ်စုကပိုင်ဆိုင်သမျှ ဘီယာတံဆိပ်အားလုံးပေါင်းလျှင် ဘီယာလီတာ ၁၄ ဒသမ ၄၆ ဘီလီယံအထိ ထုတ်လုပ် နိုင်ခဲ့၍ ဟန်နီကယ်ဘီယာများကို နိုင်ငံပေါင်း ၁၇၀ ကျော်သို့ရောင်းချလျက်ရှိပြီး အမြတ် အစွန်း ယူရို ၂၉၃ သန်းရှိခဲ့ရာမှ လွန်ခဲ့သည့်နှစ်က ယူရိုသန်း ၂၆၀ သို့ကျဆင်းခဲ့ကြောင်း သိရပါသည်။
Myanmar Times