ကားသုံးစွဲမှု တစ်နေ့တခြားများလာတဲ့ ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာရာ စွမ်းအင်ချွေတာရာလည်းရ၊ ပတ်ဝန်းကျင် ထိခိုက်မှုလည်း လျော့နည်းစေမည့်ယာဉ်များ သုံးစွဲဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီပြီး စက်သုံးဆီချွေတာရေးအတွက် ထုတ်လုပ်ထားသော လျှပ်စစ်ဘက်ထရီကား KSD - V1 နဲ့ KSD - V2 နှစ်မျိုးကို တရုတ်နိုင်ငံ YU DI နဲ့ မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCAR စက်ရုံတို့ ပူးပေါင်းကာ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံမှာ စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
လက်ရှိမှာ လျှပ်စစ်ဘက်ထရီကား KSD- V1 အမျိုးအစားကို အစီးရေ ၁၀၀ ကျော်ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ အဆိုပါကားတွေအတွက် အခုလမကုန်မီ က. ည. န လိုင်စင်များရရှိမည်ဖြစ်ပြီး တစ်ရက်ကို အစီးရေ ၄၀ ခန့် ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ကားတာယာများ အကူအညီပေးထားပါတယ်။
KSD - V1 အမျိုးအစားဟာ ငါးယောက်စီးဖြစ်ပြီး တစ်နာရီကို အမြန်နှုန်း ၅၀ ကီလိုမီတာနဲ့ မောင်းနှင်နိုင်ကာ အားပြည့်နေရင် ၁၀၀ ကီလိုမီတာအကွာအဝေးကို တစ်ဆက်တည်းသွားနိုင်ပါတယ်။ LITHIUM BATTERY အမျိုးအစားကို အသုံးပြုထားပြီး အင်ဂျင်ပါဝါ 200 CC ရှိပါတယ်။
KSD - V2 အမျိုးအစားလည်း ငါးယောက်စီးဖြစ်ပြီး 800 CC အင်ဂျင်ပါဝါ ရှိပါတယ်။ ပုံမှန်တစ်နာရီကို ၅၅ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီအားပြည့်ချိန်မှာ ၈၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ LEAD ACID CELL ဘက်ထရီအမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှု ပမာဏ 150 AH ရှိပါတယ်။
KSD - V1 မှာ မြန်မာငွကျပ် ၉၃ သိန်းရှိပြီး ဘက်ထရီအာမခံ တစ်နှစ်ခွဲပေးထားပါတယ်။ KSD - V2 မှာ ငွေကျပ် ၁၃၉ သိန်းတန်ဖိုးရှိပြီး ဘက်ထရီအာမခံ ငါးနှစ်ရရှိမှာပါ။ အာမခံပေးတဲ့ကာလအတွင်း ကားရဲ့စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကို အဆိုပါစက်ရုံမှ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီကားများကို မြို့တွင်း၊ မြို့ပြင်သာမက တစ်နိုင်ငံလုံးကို မောင်နှင်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီးရရှိနိုင်တဲ့နေရာတွေမှာ အလွယ်တကူသွင်းနိုင်ပြီး ဟိုင်းဝေးလမ်းမှာ ဘက်ထရီအားရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့စက်ပါ တပ်ဆင်ပေးထားပါတယ်။
လျှပ်စစ်ကားတွေကို မြန်မာနိုင်ငံအတွက် ပထမဆုံးထုတ်လုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ် - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ဖြစ်ပါတယ်။ ဒီကားတွေတင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေကို အရစ်ကျစနစ်နဲ့ ဈေးသက်သက်သာသာ ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။
The Myawady Daily
Myanmar Industry Directory