စိုက်ပျိုးရေးဦးစီးဌာန၊ KOICA နဲ့ KOREA Climate Change Center တို့ပူးပေါင်းကာ မြန်မာနိုင်ငံမှာ စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။
စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း သဘောတူစာချုပ်ကို မတ်လတတိယအပတ်က စိုက်ပျိုးရေးဦးစီးဌာနနဲ့ KOICA ၊ KOREA Climate Change Center တို့ လက်မှတ်ရေးထိုးခဲ့ကြပြီး အသေးစားကာဗွန်ထုတ်လုပ်မှု လျှော့ချတဲ့လုပ်ငန်းစဉ်အတွက် စွမ်းအားမြင့် မီးဖိုများဖြန့်ဖြူးခြင်း အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုမှာ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလမှာ စွမ်းအားမြင့် မီးဖိုများကို စတင်ဖြန့်ဖြူးသွားမှာဖြစ်ပြီး စီမံကိန်းမှာပါဝင်တဲ့ လုပ်ငန်းခွဲ (Component of Project Activities – CPA) ၂၉ ခုကို ဆောင်ရွက်မှာဖြစ်ကာ CPA တစ်ခုတွင် အိမ်ထောင်စု ၁၈၀၀၀ ပါဝင်မှာဖြစ်ပါတယ်။
ယင်းစီမံကိန်းအရ ဖြန့်ဖြူးမယ့် စွမ်းအားမြင့်မီးဖိုတွေကို မြန်မာနိုင်ငံစဉ့်အသင်းက တာဝန်ယူထုတ်လုပ်ပေးမှာဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးခြင်း၊ သင်တန်းပေးခြင်း၊ အချက်အလက်များ ကောက်ယူစုဆောင်းခြင်းတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
အဆိုပါစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ထင်းသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ခြင်း၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ခြင်း၊ Carbon Credit ရရှိနိုင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ခြင်း၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်မယ့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း စိုက်ပျိုးဦးစီးဌာနမှ ပြောပါတယ်။
The Voice