စင်ကာပူ ကွာလာလမ်ပူ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း ပွဲပျက်ရတဲ့ အကြောင်းရင်း


10 January, 2021

အမေရိကန်ဒေါ်လာ ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်ကျခံပြီး တည်ဆောက်မယ့် စင်ကာပူ ကွာလာလမ်ပူ မြန်နှုန်းမြင့်ရထား စီမံကိန်း ပွဲပျက်ရတဲ့ အကြောင်းရင်းကို စင်ကာပူအစိုးရဘက်မှ တရားဝင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အခုလို ပျက်ရတာဟာ မလေးရှားကြောင့် ဖြစ်တာမို့ မလေးရှားက စင်ကာပူကို နောက်ထပ် လျော်ကြေး ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း စတင်ဖို့ မလေးရှားဘက်မှ အချိန်ရွှေ့ဆိုင်းခဲ့တာကြောင့် စင်ကာပူဒေါ်လာ ၁၅ သန်း လျော်ကြေး ပေးခဲ့ပြီးပြီဖြစ်သော်လည်း ဖျက်သိမ်းတာအတွက် လျော်ကြေးထပ်ပေးဖို့ လိုအပ်တာကြောင့် တောင်းခံရတာ ဖြစ်ပါတယ်။

နှစ်ဦးနှစ်ဖက် သဘောတူထားပြီးသား အချက်တွေထဲမှ အချို့ကို မလေးရှားဘက်မှ အပြောင်းအလဲ လုပ်ဖို့ တောင်းဆိုတာကြောင့် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ စင်ကာပူအနေဖြင့် မလိုက်လျောနိုင်တဲ့ အပြောင်းအလဲ အချက်တစ်ချကင်က ၃၅၀ ကီလိုမီတာ ရှိတဲ့ ရထားလမ်းကွန်ရက်နဲ့ ၎င်းရဲ့ စနစ်များကို ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနဲ့ ငွေရေးကြေးရေးတို့ကို လုပ်ကိုင်ပေးမယ့် ကျွမ်းကျင်အရည်အချင်းရှိ ကုမ္ပဏီတစ်ခုကို တာဝန်ပေးဖို့ဆိုတဲ့ အချက်ကို မလေးရှားဘက်မှ ဖယ်ရှားပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ အဲဒီ ကျွမ်းကျင်အရည်အချင်းရှိ ကုမ္ပဏီက မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံစလုံးကို တာဝန်ခံရမှာ ဖြစ်ပြီး နှစ်နိုင်ငံကိုယ်စား မြန်နှုန်းမြင့်ရထားလမ်းကို ဆောက်လုပ်ရေးမှအစ လည်ပတ်ပေးဆွဲပေးခြင်းအထိ လုပ်ကိုင်ပေးဖို့ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီး Ong Ye Kung က ကျွမ်းကျင်ကုမ္ပဏီ မထားရှိဘဲ လုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ အဲဒီအချက် အပြောင်းအလဲ လုပ်ချင်တာကို သဘောတူပေးဖို့ မဖြစ်နိုင်ကြောင်း ပြောကြားပါတယ်။

ကျွမ်းကျင် ကုမ္ပဏီအဖြစ် လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေကို လျှောက်လွှာခေါ်ယူခဲ့တာမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပမှ ကုမ္ပဏီများ အဆိုပြုလွှာအသီးသီး တင်သွင်းခဲ့ကြပါတယ်။ နိုင်ငံတကာ တင်ဒါ ခေါ်ယူတဲ့အခါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားကြောင်း တင်ပြခဲ့ကြပါတယ်။

Ong က ရှင်းပြခဲ့တာမှာ နယ်ခြားကျော်ဖြတ် ပြေးဆွဲတဲ့ မြန်နှုန်းမြင့်ရထားလမ်း ကွန်ယက်ကို လုပ်ကိုင်လည်ပတ်ဖို့ စင်ကာပူနဲ့ မလေးရှား နှစ်နိုင်ငံစလုံးမှာ လိုအပ်တဲ့ ကျွမ်းကျင်နိုင်နင်းမှုများ မရှိကြဘူး။ ဒီတော့ နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီကို ကျွမ်းကျင်ကုမ္ပဏီအဖြစ် ခန့်အပ်ပြီး လုပ်ကိုင်ခိုင်းဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြတယ်။ နိုင်ငံတကာ တင်ဒါခေါ်ပြီး ရွေးချယ်ဖို့ကိုလည်း သဘောတူခဲ့ကြတယ်။ အဲဒီအချက်တွေ အပါအဝင်ဖြစ်တဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ နှစ်နိုင်င ဝန်ကြီးချုပ်တို့ လက်မှတ်ရေးထိုးခဲ့ကြတယ်။

နှစ်နိုင်ငံ ပူးတွဲတင်ဒါ ခေါ်ယူရန် သဘောတူညီခဲ့ကြသော်လည်း ကန်ထရိုက်ကို လုပ်ကိုင်မည့်ကုမ္ပဏီကို ရွေးချယ်ခဲ့ကြခြင်း မရှိခဲ့ဘူး။
ကြားဝင်လုပ်ကိုင်မယ့် ကျွမ်းကျင်ကုမ္ပဏီ ထားဖို့ အချက်ကို မလေးရှားက ဘာလို့ ပယ်ဖျက်ချင်တာလဲဆိုတာကို ရှင်းလင်း ပြောပြခြင်း မရှိဘူး။

Ong က ရှင်းလင်းပြောကြားခဲ့တာမှာ ကျွမ်းကျင်ကုမ္ပဏီဟာ နှစ်နိုင်ငံအကြား ဗဟိုချက် ဖြစ်တယ်။ ရထားလမ်း စီမံကိန်းက နှစ်အတန်ကြာ ဆောက်လုပ်ရမှာ ဖြစ်ပြီး ကြာမြင့်တဲ့ကာလတစ်လျှောက် နှစ်နိုင်ငံအကြား ဖြစ်ပေါ်လာနိုင်တဲ့ သဘောကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေကို အနည်းဆုံး ဖြစ်စေတဲ့အပြင် ကာကွယ်ပြီးသားလည်း ဖြစ်နေစေတယ်။ နှစ်နိုင်ငံစလုံးရဲ့ အကျိုးကို ဦးတည်ပြီး လုပ်ကိုင်ပေးနေတဲ့ ကုမ္ပဏီ ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။


နှောင့်နှေး
ပထမဆုံးအကြိမ် နှောင့်နှေးတာကို ၂၀၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်။ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျမယ့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းကို ၂၀၁၈ မှာ တက်လာတဲ့ အစိုးရသစ်က ဆိုင်းငံ့ပေးထားဖို့ တောင်းဆိုခဲ့တာကြောင့် လုပ်ငန်း မစဘဲ စောင့်ဆိုင်းခဲ့ကြတယ်။ မလေးရှားက စင်ကာပူကို နစ်နာကြေး စင်ကာပူဒေါ်လာ ၁၅ သန်း ပေးလျော်ခဲ့တယ်။
ယခင်အစိုးရကြောင့် မလေးရှားမှာ ပြည်ပကြွေးမြီ ကြီးမားနေတာမို့ လောလောဆယ် ဆိုင်းငံ့ထားလိုတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ အစိုးရ အပြောင်းအလဲ ထပ်မံပေါ်ပေါက်ခဲ့တယ်။ အစိုးရသစ်က ရထားလမ်း စီမံကိန်းကို ဆက်လက် ဆိုင်းငံ့ပေးထားဖို့ မေလမှာ တောင်းဆိုခဲ့တယ်။ ၂၀၂၀ ဒီဇင်ဘာလ ၃၁ ရက်အထိ ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့တယ်။ စင်ကာပူနဲ့ အပြောင်းအလဲတွေကို ဆွေးနွေးညှိနှိုင်းဖို့ အချိန်လိုအပ်တယ်လို့ ဆိုတယ်။ ကိုဗစ်ကပ်ဘေး ရှိနေတာကြောင့် ဆိုင်းငံ့ထားဖို့ စင်ကာပူက သဘောတူညီခဲ့တယ်။

မလေးရှားအစိုးရက ကိုဗစ်ကြောင့် တိုင်းပြည် စီးပွားရေး ထိခိုက်နေလို့ စီမံကိန်းကုန်ကျစရိတ်ကို ပြန်စိစစ်ဖို့ လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
စီမံကိန်း စီးပွားပုံစံ အသစ်တစ်ခုကို ရေးဆွဲပြီး စင်ကာပူကို တင်ပြခဲ့တယ်။ ပုံစံအသစ်က ကုန်ကျစရိတ် ၃၀% သက်သာစေတဲ့အပြင် ကမ္ဘာတစ်လွှားများ အသုံးများတဲ့နည်းလမ်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။ ကြားဝင်လုပ်ကိုင်မယ့် ကျွမ်းကျင်ကုမ္ပဏီ မထားရှိတော့ဘူးဆိုတဲ့အချက်ကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘူး။ ၂၀၁၆ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်ကို မလေးရှားအနေဖြင့် လက်မခံနိုင်တော့ကြောင်း ပြောဆိုခဲ့တယ်။

သဘောတူညီချက်ကို ရုပ်သိမ်းလိုက်တဲ့အတွက် စင်ကာပူအနေဖြင့် နစ်နာကြေး တောင်းခံတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း စင်ကာပူအစိုးရက ဘူတာရုံဆောက်လုပ်ဖို့နဲ့ ရထားလမ်း ခင်းဖို့အတွက် မြေကွက်တွေ စတင်ဝယ်ယူထားပြီး ဖြစ်ပါတယ်။ မြေဧရိယာမှာ တည်ရှိနေတဲ့ အဆောက်အအုံတွေ ဖြိုဖျက် ဖယ်ရှားခဲ့တယ်။ အဲဒီအတွက် လျော်ကြေးရယူလိုတာ ဖြစ်ပါတယ်။ မြေအတွက် ကုန်ကျစရိတ်က မြေပြန်ရောင်းလိုက်ရင် ပြန်ရမှာ ဖြစ်ပါတယ်။ “မြေတန်ဖိုးကို မြေပြန်ရောင်းဖို့ ပြန်ဆယ်ယူလို့ ရပေမဲ့ ဖြိုဖျက်ရှင်းလင်းတာအတွက် ကုန်ကျစရိတ်တွေ ပြန်မရနိုင်တော့ဘူး” လို့ ဆိုပါတယ်။

 

Screenshot_2021-01-10_163059.jpg

စင်ကာပူနိုင်ငံ အရှေ့ဂျူရောင်းတွင် တည်ဆောက်မယ့် ရထားလမ်းဆုံး ဘူတာရုံ

 

စီမံကိန်းအတွက် စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ သန်း ၂၇၀ သုံးစွဲထားပြီးပြီ ဖြစ်ပါတယ်။

အခုလို သဘောတူစာချုပ် ဖျက်သိမ်းလိုက်ပေမဲ့ နောက်ထပ် သဘောတူစာချုပ်ကို စိတ်ရင်းမှန်ဖြင့် ဆွေးနွေးဖို့ အသင့်ရှိကြောင်းလည်း စင်ကာပူဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
စင်ကာပူ-ကွာလာလမ်ပူအကြား ခရီးသွားလာမှုမှာ လေကြောင်းဖြင့် သွားလာသူများကို ကြည့်ရင် တစ်နှစ်လျှင် ခရီးသည် ၅ သန်း ဝန်းကျင် ရှိပြီး နေ့စဉ် ခရီးစဉ် ၄၆ ကြိမ် ပျံသန်းပါတယ်။ ပျံသန်းမှု အများဆုံး ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ မြန်နှုန်းမြင့် ရထား ပြေးဆွဲနိုင်ခဲ့ရင် စင်ကာပူနဲ့ ကွာလာလမ်ပူအကြား မိနစ် ၉၀ သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ပျမ်းမျှ လေးနာရီကြာမြင့်ပါတယ်။

industrialdirectory.com.mm

 

 scmp

Investment/Divestment Read 795 times