သကြားဓာတ်မြင့် အားဖြည့်အချိုရည်များကို အခွန်နှုန်းတိုးကောက်ရန် စီစဉ်


11 October, 2018

ပြည်ပမှ ဝင်ရောက်လာသည့် သကြားဓာတ်မြင့် အားဖြည့်အချိုရည်များကို ပြည်တွင်း၌ သုံးစွဲမှု လျော့ကျစေရန် အခွန်နှုန်းများ တိုးကောက်ရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများကာကွယ် နှိမ်နင်းရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။

" ဒီမှာက အိမ်နီးချင်းနိုင်ငံကလာတဲ့ အချိုရည်ဘူးအကြီးတွေ ပေါပေါလောလောရှိနေတာရှိတယ်။ အခွန်ကောက်ခံခြင်းအားဖြင့် သုံးစွဲမှုကျသွားတဲ့ အောင်မြင်တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ အချိုရည်တွေကို အခွန်ကောက်ခံဖို့ လုပ်နေတယ် " ဟု ၎င်းက ပြောသည်။

အားဖြည့်အချိုရည်

မကြာခင်ရက်ပိုင်းကလည်း ပြည်ပမှ ဝင်ရောက်လာသည့် နာမည်ကြီးအမှတ်တံဆိပ် အားဖြည့်အချိုရည်အချို့တွင် သကြားဓာတ်ပါဝင်မှု အလွန်များပြားနေသည့်အတွက် လုံးဝပိတ်သင့်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုကြီးက ပြောကြားထားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူကျန်းမာရေးဦးစီးဌာနအောက်ရှိ National nutrion centreအနေဖြင့် Serveyလုပ်လျက်ရှိကာ မကြာခင်ကာလအတွင်း ထွက်လာမည့် ရလဒ်အပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" ဆားဘယ်လောက်ပါလဲ၊သကြားဘယ်လောက်ပါလဲ ဆိုရင် Food labelling က သေချာကြည့်ရင်တော့ သိနိုင်တယ်။ တစ်နေ့တာ ဘယ်လောက်စားသုံးရမလဲဆိုတာ သတ်မှတ်ထားတဲ့အပေါ်မှာပဲ ခန့်မှန်းရတာတော်တော်ခက်တယ်။ ဒီထက်မက ပိုလုပ်ချင်တယ်။ အစားသောက်တစ်ခုမှာ အနီ၊အဝါ၊အစိမ်းဆိုတဲ့ စနစ်တွေတခြားနိုင်ငံ တွေမှာရှိတယ်။ စတင်လုပ်တဲ့အဆင့် ပဲရှိသေး အိန္ဒိယမှာ suger နဲ့ပတ်သက်တာကို အခွန်ကောက်ခံတာရှိတယ်။ "ဟု ၎င်းက ထပ်မံပြောဆိုသည်။

ပူးပေါင်းဆောင်ရွက်

စားသုံးသူအကာအကွယ်ပေးရေးအတွက် မူဝါဒများထွက်ရှိလာပါက ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များအပါအဝင် ပြည်တွင်းထုတ်စားသောက်ကုန်များကိုပါ Food labelling ထောက်လှမ်းခြင်း ကိစ္စရပ်များကို FDAက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

" နိုင်ငံခြားကတင်သွင်းလာတဲ့ အစားအသောက်တွေဆို အချိုရည်၊ မုန့်၊ သတ်မှတ်ထားတဲ့ အတိုင်းအတာအထိ ဆောင်ရွက်မယ်ဆိုရင် Food Labelling ကိစ္စမှာလည်း အရေးကြီးတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျတော့ ကြည့်လိုက်မယ်ဆိုရင် ကိုယ့်အတွက် စားသုံးဖို့ သင့်လားမသင့်လားဆိုတာကို သာမန် အနေနဲ့ အာဟာရတန်ဖိုးတွေကို ကြည့်ပြီးသုံးဖို့ လိုပါတယ်။ ဘီစကစ်တစ်ထုပ်ဆို ဘယ်နှစ်ကြိမ်စားလို့ရလဲဆို တာမျိုး ရေးထားတာတွေ့ရှိရမှာ ဖြစ်ပါတယ်။ " ဟု ၎င်းက ဆိုသည်။

 

Investment/Divestment Taxation Read 516 times