အမေရိကန်ဒေါ်လာ ၂၃၀.၆၀ သန်းရှိ လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်းလုပ်ငန်းအပါအဝင် လုပ်ငန်းအသစ် ၇ ခု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု


03 August, 2020

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇)ခုကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၆၂.၆၉၃) သန်းနှင့် ကျပ် (၇၃,၂၀၆.၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၆၆၂)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ထိုသို့ ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀.၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၁၈၀) သန်း ရင်းနှီး မြှုပ်နှံမည့် လုပ်သားအင်အား (၂,၃၀၀) ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်ပါသည်။

Hlegu Industrial Park လှည်းကူးစက်မှုဥယျာဉ်မြို့တော်သည် စင်ကာပူ-မြန်မာ ဖက်စပ်ထူထောင်သည့် စီမံကိန်းဖြစ်ပြီး Sembcorp CSSD Myanmar Co.,Ltd ၊ Phahtama Group Co.,Ltd ၊Myanmar Agribusiness Public Co.,Ltd တို့ ပူးပေါင်းထားသည့် Myanmar Singapore (Hlegu) Industrial Park JV Co.,Ltd က လုပ်ငန်း လုပ်ကိုင််မည်ဟု သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပေးထားပြီး ဖြစ်ကာ အစားအသောက်ကဏ္ဍထုက်လုပ်ရေးစက်မှုဇုန် ဖြစ်သည်။ လှည်းကူးမြို့နှင့် မနီးမဝေးနေရာမှာ မြေဧက(၁၅၀၀) နှီးပါး ရှိ မြေဧရိယာပေါ်တွင် တည်ဆောက်သွားမည်ဟု သိရသည်။

COVID-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောလျင်စွာ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၅၂%)ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏(၂၆.၄၄%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၂၈%) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။

Investment/Divestment Read 1502 times