ရန်ကုန်မြို့နယ်​ ၄ ခုတွင်​ လျှပ်စစ်သုံးစွဲမှုလျှော့ချရန် အိမ်သုံးဓာတ်ငွေ့ရည်ဆိုင်များဖွင့်လှစ်


27 July, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးလျှပ်စစ်သုံးစွဲမှုလျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မှ လျှော့ချသွားနိုင်ရန်ရည်ရွယ်လျက် အိမ်သုံးဓာတ်ငွေ့ရည်အရောင်းဆိုင်ကြီး ၄ ဆိုင်ဖွင့်လှစ်၍ ပြည်သူများကိုဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း တာဝန်​ယူ​ပူး​ပေါင်​း​ဆောင်​ရွက်​​သော လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီလီမိတက်တို့မှ သိရသည်။

"ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် Gas အသုံးပြုတဲ့ အိမ်ထောင်စုက သုံးသောင်းပတ်ဝန်းကျင်လောက် ရှိတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက ရန်ကုန်မြို့မှာရှိတဲ့မိဘပြည်သူတွေ လျှပ်စစ်သုံးစွဲမှုချွေတာနိုင်ရန် ဖက်စပ်အကျိုးတူလုပ်ငန်းအဖြစ် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်ကြီး ၄ ဆိုင်ဖွင့်လှစ်ပြီးတော့ ဈေးနှုန်းသက် သာစွာနဲ့ ရောင်းချပေးတာဖြစ်ပါတယ်" ဟု မြန်မာ့​ရေနံနှင့်ဓာတုဗေဒလုပ်ငန်း တောင်ဥက္ကလာပဓာတ်ငွေ့ဆိုင်မှ ဌာနခွဲမှူး ဦးအောင်လွင်ဦးက ပြောသည်။

COVID-19 ထိန်းချုပ်ကာကွယ်မှုဆောင်ရွက်နေမှုကာလအတွင်း ပြည်သူများသုံးစွဲမှုသက်သာစေရန် ဓာတ်ငွေ့ရည် 1 kg ကို ကျပ် ၈၀ဝ အထိဈေးလျှော့ရောင်းချပေးလျက်ရှိကြောင်း၊ အိုးအမျိုးအစားအနေဖြင့် လုပ်ငန်းသုံး 48 kg နှင့် အိမ်သုံး 15 kg အိုးများဖြစ်ကြောင်း၊ မော်တော်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ရေနံဓာတ်ငွေ့ရည် (LPG)တွင် လုပ်ငန်းသုံးရေနံဓါတ်ငွေ့ရည်ပရိုပိန်း(Propane)၊ အိမ်သုံးရေနံဓာတ်ငွေ့ ရည်ဗြူတိန်း (Butane)၊ ရေနံဓာတ်ငွေ့ရည်အရော(ပရိုပိန်းဗြူတိန်း)ဟူ၍ ၃ မျိုးရှိသည့်အနက် ဗြူတိန်းသည် ဖိအားနိမ့်ဓာတ်ငွေ့ဖြစ်၍ မိသားစုမီးဖိုချောင်သုံးရာတွင်အထူးသင့်လျော်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ထွက်ရှိသည့်တိုင်းပြည်ဖြစ်သော်လည်း ပြည်သူများအကြားသုံးစွဲမှုမှာ အလွန်ပင်အားနည်းနေသေးသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုများပြားလာစေရန်ပညာပေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်း၊ ယခင်က VIP အဆင့်သာသုံးစွဲနိုင်ရမှ ယခုအခါပြည်သူများလွတ်လပ်စွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

myotaw.news

Local News Read 1113 times