စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ မြစ်သာမြစ်ရိုးတစ်လျှောက် နုန်းတင်စိုက်ပျိုးမြေများတွင် စိုက်ပျိုးလျက်ရှိသော ပဲမျိုးစုံနှင့်နေကြာပင်များမကြာမီပန်းများ ပွင့်မည်ဖြစ်ရာ ပန်းပွင့်ရာသီတွင် ပျားရည်ထုတ်လုပ်နိုင်ရန်အတွက်ပျားလုပ်ငန်းရှင် များမှ ပျားပုံးများချခြင်းနှင့် ပျားအုံဖွံ့ဖြိုးရေးလုပ်ဆောင်လျက်ရှိကြောင်းစစ်ကိုင်းတိုင်းဒေသကြီး ပျားလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးမှ ပြောကြားကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ မြစ်သာမြစ်နုန်းတင်စိုက်ပျိုးမြေများတွင်ပဲမျိုးစုံနှင့်နေကြာစိုက်ပျိုးရေးလုပ်ငန်းများကို မြစ်ရေကျချိန်တွင်စိုက်ပျိုးလျက်ရှိရာပန်းပွင့်ချိန်များတွင် ပျားရည်ထုတ်လုပ်ငန်းများကိုလုပ်ကိုင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် အခြားတိုင်းဒေသကြီးတို့မှ ပျားမွေးမြူရေးလုပ်ငန်းရှင်များမှ ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်ရှိ စိုက်ခင်းများသို့ ဒီဇင်ဘာဒုတိယပတ်မှစတင်ပြီး ရွေ့ပြောင်းရောက်ရှိကာ ပျားရည်ထုတ်ချိန်တွင် အသင့်ဖြစ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ပျားများကို အင်အားတိုးပွားရန်အတွက် ပျားအုံဖွံ့ဖြိုးတိုးတက်ရန်အတွက်ကို အဓိကထားပြီး လုပ်ဆောင်နေကြောင်း သိရသည်။
ထိုသို့ပြုစုနေချိန်တွင် ပဲမျိုးစုံနှင့် နေကြာစိုက်ခင်းများ ပန်းပွင့်လာသည့်အချိန်တွင် များများထုတ်နိုင်မည်ဖြစ်သည်။ယခုအချိန်တွင် ပျားအုံများမှာ ပျားကောင်ရေ တိုးပွားရန်အချိန်ဖြစ်သည်။
ထုတ်လုပ်ရန်အသင့်ဖြစ်နေပြီးဖြစ်သည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် တခြားတိုင်းဒေသကြီးများမှ ပျားမွေးမြူရေးသမားများသည် မြစ်သာမြစ်ရိုးတစ်လျှောက်တွင် ပျားရည်ထုတ်လုပ်ရန်အတွက်ရွှေ့ပြောင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်ခန့်တွင်စတင်လုပ်ဆောင်ခဲ့ကြသည်။
ဂန့်ဂေါနယ်မှ ကလေးမြို့နယ်အတွင်းအထိဆိုလျှင် ဧပြီလတတိယအပတ်အထိ တစ်ဆင့်ပြီးတစ်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်သွားကြမည်ဖြစ်သည်။
ထွက်ရှိမှုအနေနှင့် ပျားအုံအင်အားကောင်းရန်၊ပျားစာပေါများရန်၊ရာသီဥတုကောင်းရန် ထိုအချက်သုံးချက်နှင့် ကိုက်ညီမှ ကောင်းမည်ဖြစ်သည်။
ထို်အချက်သုံးချက်မှ တစ်ချက်ချက် ဖောက်လျှင် ထွက်ရှိမှု လျှော့နည်းနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးပျားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး မှ ပြောကြားကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်မြစ်သာမြစ်ကမ်းတစ်လျှောက်ရှိ နုန်းတင်မြေစိုက်ခင်းများတွင် စိုက်ပျိုးသောပဲမျိုးစုံနှင့် နေကြာစိုက်ခင်းများမှ ထွက်ရှိသော ပျားရည်များကို ပြည်တွင်းပျားရည်ရောင်းဝယ်ရေး ကုမ္ပဏီများမှ တစ်ဆင့်တရုတ်၊ဂျာမနီနှင့် ဂျပန်နိုင်ငံတို့သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Source:The Mirror