စင်ကာပူနဲ့ ဟောင်ကောင်တို့ဟာ အာရှရဲ့ နိုင်ငံတကာ ငွေရေးကြေးရေး အချက်အချက် နှစ်နေရာဖြစ်ပြီး အပြိုင်တည်ရှိနေကြတယ်။
ဟောင်ကောင်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်နေတဲ့အပြင် ပဋိပက္ခ အရှိန်တက်လာနေပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးရှုံးနိုင်ဖွယ် အလားအလာတွေလည်း ရှိနေတယ်။ အဲဒါကြောင့် ဟောင်ကောင်မှ ငွေလုံးငွေရင်းတွေကို စင်ကာပူသို့ ရွှေ့ပြောင်းပြီး ထားရှိနေကြတယ်။
စင်ကာပူပြင်ပမှ စင်ကာပူမှာ ရှိနေတဲ့ ဘဏ်တွေထံမှ အပ်နှံတဲ့ နိုင်ငံခြားငွေ ပမာဏ လေးလ ဆက်တိုက် မြင့်တက်လာခဲ့ပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာ ၄၄ . ၃၇ ဘီလျံ ဖြစ်သည်အထိ စံချိန်တင်သွားခဲ့ပါတယ်။
MAS (Monetary Authority of Singapore)က ဟောင်ကောင်မှာ အင်မတန်ကြီးမားတဲ့ ပမာဏဖြင့် ငွေလုံးငွေရင်းများ စင်ကာပူဘဏ်လောကထဲကို စီးဝင်နေကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ စင်ကာပူဘဏ်စနစ်ထဲမှ နိုင်ငံခြားငွေ အပ်နှံမှု ရုတ်တရက် လေးဆ တိုးသွားတာ တွေ့ကြရတယ်။
အခြေခံအားဖြင့် စင်ကာပူ ဘဏ်စနစ်မှာ ငွေစာရင်း လယ်ဂျာနှစ်ခု ရှိတယ်။ တစ်ခုက ပြည်တွင်း ဘဏ်ယူနစ်များ domestic banking units (DBUs) မှာ အပ်နှံတဲ့ နိုင်ငံခြားငွေ ဖြစ်ပြီး နောက်တစ်မျိုးက နိုင်ငံတကာလုပ်ငန်းတွေ သုံးဖို့အတွက် ထားတဲ့ အာရှငွေကြေးယူနစ်များ the Asian currency units (ACUs) ဖြစ်ပါတယ်။
တစ်နည်းပြောရရင် ဘဏ်က တစ်ခုတည်း ဖြစ်ပေမဲ့ စာရင်းနှစ်ခုဖြင့် လုပ်ကိုင်နေတာဖြစ်ပါတယ်။
DBU က ပြည်တွင်းလုပ်ငန်းတွေ သုံးစွဲနေတဲ့ နိုင်ငံခြားငွေ ဖြစ်ပြီး ACU က နိုင်ငံတကာ လုပ်ငန်းတွေ သုံးစွဲနေတဲ့ နိုင်ငံခြားငွေ ဖြစ်ပါတယ်။
ဟောင်ကောင်မှ စီးဝင်လာတဲ့ နိုင်ငံခြားငွေတွေဟာ ACU ထဲကို စီးဝင်တာ ဖြစ်ပါတယ်။
အခုလို စာရင်းနှစ်ခု ခွဲပေးထားတဲ့အတွက် နိုင်ငံခြားငွေ အဝင်အထွက် အနည်းအများကြောင့် ပြည်တွင်းစီးပွားရေးအပေါ် သက်ရောက်မှု မရှိဘဲ သီးခြားကင်းလွတ်နေစေပါတယ်။ ပုံမှာ အမည်းလိုင်းက ပြည်တွင်းလုပ်ငန်းတွေ သုံးစွဲနေတဲ့ နိုင်ငံခြားငွေ ပမာဏစုစုပေါင်းကို ဖော်ပြပေးထားတာ ဖြစ်ပြီး သိသိသာသာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်နေတာ တွေ့ရပါတယ်။ နိုင်ငံတကာ လုပ်ငန်းတွေ အပ်နှံတဲ့ နိုင်ငံခြားငွေ ပမာဏ စုစုပေါင်းကို ဖော်ပြတဲ့ လိုင်းပြာကတော့ ထိုးတက်သွားတာ တွေ့ရပါတယ်။
အခုကနေ နောက်လာမယ့် ၅ နှစ် ကြာပြီးချိန်မှာ ခွဲခြားထားတာကို အဆုံးသတ်ဖို့ အစီအစဉ် ရှိပါတယ်။ ဇန်နဝါရီလတုန်းက ပါလီမန်မှာ အဲဒီ စာရင်းနှစ်ခု ပေါင်းစည်းဖို့် အတည်ပြုပေးခဲ့ပါတယ်။
အဓိက နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီးတွေကို စည်းစနစ်တကျ ကိုင်တွယ်ပေးထားနေပြီဖြစ််လို့ လယ်ဂျာ နှစ်ခု ထားပြီး စာရင်းနှစ်ခုဖြင့် လုပ်ကိုင်နေဖို့ မလိုအပ်တော့ဘူးလို့ ယူဆတာကြောင့် ပေါင်းစည်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။