မောင်းမကန်ကမ်းခြေအနီးတွင် ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည်


10 April, 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှ မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ခြမ်းရှိ မြေဧက ၄၀၀ ကျော် လုပ်ကိုင်ခွင့်ရရှိထားသည့် DDPC ကုမ္ပဏီအနေဖြင့် မြေဧက ၆၀ ကျော်ပေါ်တွင် ဟိုတယ်ဇုန်တစ်ခု စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မောင်းမကန်ကမ်းခြေ၏ မြောက်ဘက်ရှိ ယင်းမြေဧက ၄၀၀ ကျော်မှာ တပ်မတော် မှ ထိန်းသိမ်းထားသည့် မြေဖြစ်သောကြောင့် ယင်းမြေအား ပြန်လည်စွန့်လွှတ်ပေးရန်တင်ပြ၍ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမြေပေါ်တွင်ဟိုတယ်ဇုန်လုပ်ကိုင်ခွင့်ရရှိရေး အတွက် ၂၀၁၂ ခုနှစ်မှစတင်၍ တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနမျ ားထံ လျှောက်ထားခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဟိုတယ်ဇုန် လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိပြီးနောက် စတင်အကောင်အထည်ဖော်နေစဉ်လပိုင်းအကြာတွင် အစိုးရသစ်တက်လာပြီးနောက် ဟိုတယ်ဆောက်လုပ်ခွင့်လိုင်စင် မကျသေးကြောင်း နားလည်မှုလွဲကာ ဆောက်လုပ်မှုကို ရပ်နားခိုင်းခဲ့သည့်အတွက် ယခုအချိန်ထိ ရပ်နားထားခဲ့ရပြီး မကြာမီအချိန်တွင် ပြန်လည်ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဧပြီ ၇ ရက်က မောင်းမကန်ရွာ၌ ကျင်းပသည့် ဟိုတယ်ဇုန်အတွက် IEE တွေ့ရှိချက်တင်ပြသည့် အခမ်းအနားတွင် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ (DDPC)၏ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။

မကြာမီ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စမှာဖြစ်ပြီး ပြန်စတဲ့အချိန်မှာ ဧက ၄၀၀ ကျော်မှာ First Spaceအနေနဲ့ ဧက ၆၀ ကျော်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လက်စနှင့် နောက်ထပ်လိုအပ်မည့် အဆောက်အအုံတွေ ထပ်ဆောက်သွားမည်ဟု DDPCကုမ္ပဏီ၏ ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။

လက်ရှိအစိုးရသစ်တက်လာချိန်တွင် ယင်းမြေဧက ၄၀၀ ကျော်အနက်မှ တပ်မတော် မှ သိမ်းဆည်းထားသည့် မြေဧက၈၀ ကျော်ကို အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲပြီး ကျန်ရှိသည့်မြေများကိုမူ ကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ မြေလွတ်မြေလပ်ပေါ်တွင် စိုက်ပျိုးထားသည့် သီဟိုဋ်ပင်များအတွက်လည်း သက်ဆိုင်သည့်ဌာနသို့ လျော်ကြေးပြန်ပေးပြီးနိုင်ငံတော် အစိုးရထံ ပေးသွင်းသည့်အတွက် ကုမ္ပဏီထံလုပ်ကိုင်ခွင့်ချထားပေးခဲ့သည့်အပြင် နောက်တစ်ပိုင်းဖြစ်သော ဧက ၂၀၀ ကျော်ဖြစ်သည့် သစ်တောကြိုးဝိုင်းဧရိယာအတွက် လုပ်ကိုင်ခွင့်ရရှိခဲပြီးဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။

မောင်းမကန်ကျေးရွာ ရွာလယ်ကျောင်း၌ ဧပြီ ၇ ရက်က ကျင်းပသည့် ဟိုတယ်ဇုန်တည်ဆောက်ခြင်းအတွက် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း(IEE) ကနဦးတွေ့ရှိချက်တင်ပြ ဆွေးနွေးပွဲသို့ ဒေသခံ ၁၀၀ ကျော်နှင့် ကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ခဲပြီး ဒေသခံများဘက်မှ မောင်းမကန်ကျေးရွာအား သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ပယ်ပေးပြီးမှသာ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန်၊ စီမံကိန်းအတွက် လိုအပ်သည့်ရေအရင်းအမြစ်ကို ရွာအတွင်းမှ ထုတ်ယူသုံးစွဲခြင်းမပြုရန်နှင့် ဒေသခံ ရေလုပ်သားများ၏ ကမ်းခြေအဆင်းလမ်းအား သတ်မှတ်ထားရှိပေးရန် စသောအချက်များကို တောင်းဆိုခဲ့ကြသည်။

DDPC ကုမ္ပဏီမှ မကြာမီ စတင်ဆောင်ရွက်မည့် မောင်းမကန် ဟိုတယ်ဇုန်စီမံကိန်း၌ ၁၀ ခန်းတွဲ ဟိုတယ်တစ်လုံး၊ နှစ်ခန်းတွဲဟိုတယ်များ၊ ဘန်ဂလိုများနှင့် ရေကူးကန်၊ ပန်းခြံများပါဝင်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်တည်ဆောက်ခြင်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ကို တတိယအဖွဲ့အစည်းဖြစ်သည့် Ever Green Tech က ဆောင်ရွက်နေပြီး အစီရင်ခံစာကို လာမည့်မေလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ever Green Tech မှတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

မောင်းမကန်ကမ်းခြေ မြောက်ဘက်ခြမ်းရှိ မြေဧက ၄၀၀ ကျော်တွင် DDPC ကုမ္ပဏီက၂၀၁၃ ခုနှစ်မှစတင်၍ ဟိုတယ်ဇုန် ဆောက်လုပ်ရန် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယင်းဟိုတယ်ဇုန်အတွက် ကမ်းခြေရှိ မြေ ၁၄၈ ဒသမ ၄၀ဧကကို ယခင်တိုင်းဒေသကြီးအစိုးရထံ ပထမအကြိမ်လျှောက်ထားခဲ့ရာ ဒေသခံများက ကန့်ကွက်စာတင်ခဲသော်လည်း စာတင်ပြီး သုံးလခန့်အကြာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်မြေ ၁၄၈ ဒသမ ၄၀ ဧကကို တိုင်းဒေသကြီးအစိုးရမှကုမ္ပဏီထံသို့ ဟိုတယ်ဇုန်စီမံကိန်းဆောင်ရွက်ရန် နှစ် ၃၀ လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း သိရသည်။

Eleven

 

Local News Read 774 times