ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များတွင် ဝန်ဆောင်ခများကို ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမည်


14 August, 2018

ဟိုတယ်၊တည်းခိုခန်း နှင့် စားသောက်ဆိုင်များတွင် ဝန်ဆောင်ခ (Services Charges) များကို ကုန်သွယ်လုပ်ငန်းခွန် တွက်ချက်ကောက်ခံရမည်ဟုပြည်တွင်းအခွန်များဦးစီးဌာနက ဩဂုတ် ၁၃ ရက်တွင်သတင်း ထုတ်ပြန်သည်။

နှစ်စဉ်ပြဋ္ဌာန်းနေသည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေဖြင့် ကင်းလွတ်ခွင့်ပြုထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုမှအပ ကျန်ကုန်စည်နှင့်ဝန်ဆောင်မှုများအားလုံးသည် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်၍ ဥပဒေနှင့် အညီ တွက်ချက်ကောက်ခံရန် လိုအပ်သည်ဟု ဦးစီးဌာနကဆိုသည်။

ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များသည် တည်းခိုခရငွေ၊ စားသောက်ဖွယ်ရာရောင်းချရငွေများအပြင် ဝန်ဆောင်ခအဖြစ်ရယူထားသော ပုလင်းဖွင့်ခ (Bottle Charges)၊ အခန်းခ (Room Charges)၊ ဝန်ဆောင်ခ (Services Charges) တို့ပါ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဖြစ်သည်။ ကောက်ခံသည့် တန်ဖိုးပမာဏကို ပြေစာပေါ်တွင်အခွန်အမှတ်တံဆိပ်ခေါင်းကပ်နှိပ်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ဒဏ်ရိုက်မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးကြေညာထားသည်။

အချို့ပုလင်းဖွင့်ခများသည် တရားဝင်ကောက်ခံခြင်းမရှိသောကြောင့် အခွန်ကောက်ရန်ခက်ခဲနေပြီး ထိုသို့အခွန်ကောက်ရန် တရားဝင် အကြောင်းကြားခြင်းလည်းမရှိသေးကြောင်း ရန်ကုန်တိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးတင်မြင့်က ပြောသည်။

ကျသင့်သည့် ပမာဏအခွန် တံဆိပ်ခေါင်းမကပ်လျှင် ဆိုင်ရှင်များကို ဗောက်ချာတစ်စောင်အတွက် ပထမအကြိမ်ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ်ကျပ်ငါးသိန်း၊ တတိယအကြိမ်ကျပ်ခုနစ်သိန်းနှင့် စတုတ္ထအကြိမ်နှင့် အထက်ကို ကျပ် ၁၀ သိန်းစီဒဏ်ရိုက်မည်ဟု ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Seven day

Taxation Read 631 times