အိမ်ရာချေးငွေမှအပ သုံးနှစ်အထက် အခြားချေးငွေများကို တင်ပြရန် ဗဟိုဘဏ် ထုတ်ပြန်


26 January, 2019

ပြည်တွင်းဘဏ်လုပ်ငန်းများကို ဘဏ်ချေးငွေစုစုပေါင်းပမာဏ၏ ငါးရာခိုင်နှုန်းကို အိမ်ရာချေးငွေများ ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါညွှန်ကြားချက်ကို ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ပြည်တွင်းဘဏ်လုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်ဖြစ်သည် ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ ဘဏ်လုပ်ငန်းတစ်ခုသည် ဘဏ်ချေးငွေစုစုပေါင်း (Total Loan Portfolio) ၏ ငါးရာခိုင်နှုန်းကို အိမ်ရာချေးငွေ (Housing Loan) အဖြစ် ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

ထို့အတူ သုံးနှစ်ထက်မပိုသော အိမ်ရာချေးငွေ (Housing Loan) မှအပ အခြား သက်တမ်းသုံးနှစ်ထက်ပိုသည့် ချေးငွေများကို ထုတ်ချေးလိုပါက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စည်းကမ်းချက် (Terms and Conditions) များကိုဖော်ပြ၍ ကိစ္စရပ်တစ်ခုချင်းအလိုက် ဗဟိုဘဏ်သို့တင်ပြကာ ခွင့်ပြုချက်ရယူရမည်ဟုလည်း ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါညွှန်ကြားချက်သည် ဘဏ်လုပ်ငန်းများ၏ သုံးနှစ်သက်တမ်းထက်ပိုသည့် ချေးငွေများကို အကြောင်းအကျိုးခိုင်လုံစွာ တင်ပြရန်အတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ဘဏ်လုပ်ငန်းများ၏ စာရင်းပိုချေးငွေ (Overdraft loan) များကို သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ် ပြောင်းလဲသွားရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။

အလားတူပင် ဘဏ်လုပ်ငန်းများနှင့် ဆက်နွှယ်သူများကို ထုတ်ချေးထားသည့် ချေးငွေများကိုလည်း စာရင်းအလိုက်ဖော်ပြရန် ထုတ်ပြန်ထားခဲ့ဖူးသည်။

 

Banking & Loan Read 508 times