ပြည်တွင်းတံဆိပ်တွေ ဈေးကွက်ကို ဦးဆောင်နိုင်အောင် ဘယ်လိုတည်ဆောက်ကြမလဲ


04 February, 2019

ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောဆွေးနွေးပွဲတွေကို ကုန်သည်စက်မှုအသင်းချုပ်မှာ လစဉ် ကျင်းပနေကြအတိုင်း ဒီလမှာတော့ “ ပြည်တွင်းတံဆိပ်များ ဈေးကွက် ဦးဆောင်မှုကို တည်ဆောက်ခြင်း “ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ် ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ အဓိကအားဖြင့် ကြော်ငြာမီဒီယာစီးပွားရေးကဏ္ဍနဲ့ သုတေသနဆိုင်ရာ ကဏ္ဍတွေက ပညာရှင်တွေဖြစ်တဲ့ Coca Media က ဦးအောင်ကျော်ဦး၊ TODAY Ogilvy က ဒေါ်ခင်မြတ်ထွေး၊ Ignite Marketing Communication က ဦးအောင်သူရ၊ Nielson MMRD က ဒေါ်စံပါယ်အောင်နဲ့ MeXtra က ဦးစွမ်းထက်တို့က ဟောပြော ဆွေးနွေးခဲ့ကြပြီး Mango Advertising က ဒေါ်လင်းလင်းတင်ထွန်းက ဆွေးနွေး မေးမြန်းသူအဖြစ် ပါဝင်ခဲ့ပါတယ်။

ဦးအောင်ကျော်ဦးက Brand Building ကို တစ်လျှောက်လုံး လုပ်ဆောင်နေရမှာ ဖြစ်တဲ့အကြောင်း၊ မိမိ Brand ကို သုံးစွဲတဲ့ Customers တွေ ကြားထဲမှာ အကောင်းဖက်သို့ ဦးတည်တဲ့ ဆက်ဆံရေးတစ်ရပ် ရရှိလာအောင် မရပ်မနား တည်ဆောက်နေရမှာ ဖြစ်ကြောင်း စတာတွေ ဟောပြောခဲ့ပါတယ်။

ဒေါ်ခင်မြတ်ထွေးက မိမိ Customers တွေရဲ့ လိုအပ်ချက်ကို နားလည်သင့်ကြောင်း၊ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ လူတန်းစားမရွေး စတဲ့ မိမိ Brand အတွက် Target Customer တွေရဲ့ လိုအပ်ချက်ကို သိရှိ နားလည်ထားသင့်ကြောင်း ပြောပြခဲ့ပါတယ်။

ဦးအောင်သူရကလည်း မိမိ ကုန်ပစ္စည်းရဲ့ ကုန်အမှတ်တံဆိပ် တစ်ခုက Customers တွေအကြား ဆွဲဆောင်မှု ရှိရမည် ဖြစ်ပြီး မတူညီတဲ့ အတွေ့အကြုံ၊ မတူညီတဲ့ ခံစားမှုမျိုးကို ဖန်တီးပေးနိုင်မှ ကွဲပြားခြားနားမှု တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။

ဒေါ်စံပါယ်အောင်က မိမိ Brand နဲ့ ပတ်သက်ပြီး သုတေသန လုပ်ဆောင်သင့်ကြောင်း၊ Local Brand နဲ့ International Brand ရဲ့ ဈေးကွက်မှာ ကြာရှည်နေရာယူမှုမှာ ကွဲပြားခြားနားမှုတွေ ရှိပြီး ဒါတွေကို သိထားဖို့၊ လေ့လာဖို့ လိုအပ်ကြောင်းနဲ့ ဒါမှသာ မိမိ Brand ကို အကောင်းဆုံး တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဦးစွမ်းထက်က မိမိရဲ့ ကုန်ပစ္စည်းကို Customers တွေဆီ ရောက်အောင် ဖေ့ဘုတ်ခ်ကို အသုံးပြုပြီး ကြော်ငြာမယ်ဆိုရင် ဖေ့ဘုတ်ခ်ကို ဘယ်လိုလူမျိုးတွေက သုံးနေလဲ၊ မိမိကုန်ပစ္စည်းက ဘယ်လိုလူမျိုးတွေဆီ ထိုးဖောက်ဝင်ရောက်မှာလဲ စသဖြင့် မိမိကုန်ပစ္စည်း ကြော်ငြာရာမှာ အရေးကြီးတဲ့ အချက်အလက်တွေကို Self-Study လုပ်ထားသင့်ကြောင်း ပြောပြခဲ့ပါတယ်။

Su Mon Oo

Local News Tips Read 461 times