ဘားအံစက်မှုဇုန်အတွင်း အကြေမပေးသွင်းသူများကြောင့် ပြည်နယ်အစိုးရ၌ အကြွေးတင်နေ


10 July, 2018

ကရင်ပြည်နယ် ဘားအံစက်မှုဇုန်အတွင်း မြေနေရာယူထားပြီး မြေတန်ဖိုး အကြေမပေးသွင်းသူများကြောင့် ပြည်နယ် အစိုးရ၌ အကြွေးတင်နေကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က ပြောခဲ့ပါသည်။

ဘားအံစက်မှုဇုန်အတွင်း မြေနေရာယူထားပြီး မြေတန်ဖိုး အကြေပေးသွင်းမှု မရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအနေနှင့် စက်မှုဇုန်ကို တာဝန်ယူတည်ဆောက်သည့် သံလွင်ဧရာ ကုမ္ပဏီ (Developer) အား အကြွေး ကျပ်သန်း ၄ ထောင်ကျော် ပေးရန် ကျန်ရှိကြောင်း ဝန်ကြီးက ပြောခဲ့ပါသည်။

လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က “တချို့တွေက မြေနေရာယူထားတယ်။ မြေတန်ဖိုး တဝက်လောက်ပဲ သွင်းပြီး အခုထိ အကြေမသွင်းကြဘူး။ အဲဒီငွေတွေ မရသေးတော့ ပြည်နယ်အစိုးရက Developer ကုမ္ပဏီကို အကြွေးတင်နေပြီ” ဟု ပြောပါသည်။

ဝန်ကြီး ပြောကြားချက် အရ စက်မှုဇုန် စတင်တည်ထောင်စဉ်က ဇုန် ၁ အတွင်း ကုမ္ပဏီကြီးတခုက မြေနေရာ ဧက အများအပြား ယူထားကာ ၎င်းထံမှ မြေဖိုးရရန် ၃ ဘီလီယံခန့်နှင့် အခြားဇုန်တို့မှ မြေဖိုး ၁ ဘီလီယံ တို့ ရရှိပါက အကြွေးကျေနိုင်မည်ဖြစ်ကြောင်း သိရသည်။

၃ နှစ်အတွင်း စက်မှုဇုန်မြေများ၌ မြေနေရာယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိသေးပါက လျော်ကြေးမပေးဘဲ မြေပြန်သိမ်းမည်ဟု ၂၀၁၆ ခုနှစ်အတွင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ကရင်ပြည်နယ် အစိုးရအဖွဲ့အနေနှင့် ယင်းသို့ လုပ်ဆောင်ရန် အစီအစဉ်မရှိသေးကြောင်းလည်း ဝန်ကြီးက ပြောခဲ့ပါသည်။

ဝန်ကြီး ဦးစိုးလှိုင်က “မြေဖိုးငွေ မြန်မြန်သွင်းရင် ဂရန်ထုတ်ပေးမယ် ဆိုပြီး မနည်း စည်းရုံးနေရတယ်။ အကယ်၍ မြေသိမ်းမယ်ဆိုရင်တောင် လျော်ကြေးပေးစရာ အစိုးရမှာ ပိုက်ဆံမရှိဘူး” ဟု ပြောခဲ့ပါသည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုကြီးကြပ် ဦးစီးဌာနက ဘားအံ စက်မှုဇုန်အတွင်း မြေနေရာယူထားပြီး တန်ဖိုးအကြေပေးသွင်းရန် ကျန်ရှိသူများထံ တန်ဖိုး အလိုက် အရစ်ကျပေးသွင်းကြရန် အသိပေး သတိပေး နှိုးဆော်စာများ ၃ ကြိမ်တိုင် ပေးပို့ပြီးဖြစ်ကြောင်း ၎င်းဌာနမှ ညွှန်ကြားရေးမှုး ဦးစိန်လွင်က ပြောခဲ့ပါသည်။

ဘားအံ စက်မှုဇုန်တွင် လက်ရှိလည်ပတ်နေသော စက်ရုံ အရေအတွက်အရ လျှပ်စစ် လုံလောက်မှုရှိသော်လည်း ရေလိုအပ်ချက်၊ ကျွမ်းကျင်လုပ်သား၊ ကျူးကျော် ပြဿနာများ အပါအဝင် အချို့က မြေနေရာ လက်ဦးမှု ရယူထားသဖြင့် လုပ်ငန်းလိုအပ်ချက်အရ မြေနေရာတိုးချဲ့လိုသည့် လုပ်ငန်းရှင်များအတွက် မြေဈေးကြီးမြင့်မှုများ ကြုံနေရကြောင်း စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းရှင်များ က ပြောခဲ့ပါသည်။

အဆိုပါ စက်မှုဇုန်မှာ ၂၀၁၂ ခုနှစ်က စတင် အကောင်အထည်ဖော်ခြင်းဖြစ်ကာ ဘားအံမြို့နှင့် ၇ မိုင် အကွာ၊ ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေး၌ တည်ရှိပြီး အကျယ်အဝန်း မြေ ဧက ၁ ထောင်ကျော်တွင် ဇုန် ၄ ခုခွဲခြား သတ်မှတ်ထားကာ စာရင်းများအရ မြေကွက် အလွတ်၂၆၆ ကွက်သာ ကျန်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောခဲ့ပါသည်။

ယင်းအနက် စက်မှုဇုန်အတွင်း တည်ဆောက်ဆဲ စက်ရုံမှာ ၇ ရုံနှင့် လုပ်ငန်းလည်ပတ်နေပြီဖြစ်သော စက်ရုံ အလုပ်ရုံ ပေါင်း ၁၆ ရုံ ရှိပြီး အထည်ချုပ် စက်ရုံ၊ ကာလာအမိုးပြား စက်ရုံ၊ ကွန်ကရစ်ဓာတ်တိုင် စက်ရုံ၊ ပလက်စတစ် စက်ရုံ၊ ရာဘာ မှိုင်းခံ စက်ရုံ၊ ကျောက်မှုန့်ကြိတ် လုပ်ငန်း တို့ ဖြစ်ကြောင်း သိရသည်။

Irrawaddy

Local News Read 490 times