ထားဝယ်တွင် ရေအားလျှပ်စစ် အကြိုစမ်းသပ်မှု ရွာသားများကန့်ကွက်ရန် ပြင်ဆင်


03 October, 2018

ထားဝယ်တွင် ရေအားလျှပ်စစ် ၁ မဂ္ဂါဝပ်ထုတ်ရေး အကြိုစမ်းသပ်မှုကို ရွာသားများကန့်ကွက်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ နွားလဘို့ချောင်းနှင့် ညောင်ချောင်းဆုံရာနေရာ၌ ရေအားဖြင့် လျှပ်စစ် ၁၈ မဂ္ဂါဝပ်ထုတ်ရန် စီမံကိန်းဖြစ် မြောက်နိုင်စွမ်းရှိမရှိ အကြိုစမ်းသပ်မှုလုပ်ငန်း များဆောင်ရွက်ရန် နားလည်မှုစာချုပ် (MoU) ကို တိုင်းဒေသကြီးအစိုးရနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် Declo ကုမ္ပဏီလီမိတက်တို့အကြား စက်တင်ဘာ ၁၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ရပ်ဆိုင်းထားခဲ့
**********
စမ်းသပ်ကာလကို ခြောက်လသတ်မှတ်ထားကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောဆိုသည်။

"ရပ်ရွာတွေ ရေဖုံးလွှမ်းမှု၊ ရေလွှမ်းဧရိယာ ဘယ်လောက်၊ ပြည်သူတွေ ဘယ်လောက်နစ်နာမယ်ဆိုတာ လေ့လာဆန်းစစ်တဲ့ဟာပေါ့" ဟု ဝန်ကြီးက ပြောဆိုသည်။

စီမံကိန်းပြုလုပ်မည့်ဒေသမှ ဒေသခံများကမူ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာများရွှေ့ပြောင်းရခြင်း၊ ဥယျာဉ်ခြံမြေများရေလွှမ်းခြင်း၊ ချောင်းတစ်လျှောက် ရေလမ်းခရီး မသွားလာနိုင်တော့ခြင်းများပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြသဖြင့် စီမံကိန်းကိုကန့်ကွက်ရန် ပြင်ဆင်နေကြကြောင်း ထိုချောင်းဆုံအောက်ဘက်ရှိ အညာဖျားကျေးရွာဒေသခံတစ်ဦးက ပြောဆို သည်။ ထို့ပြင် ချောင်းဆုံအောက်ဘက်ရွာများ ကလည်း တည်ဆောက်မည့်ရေကာတာ ကျိုးကျ မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

"ရွာတွေရဲ့အထက်မှာဆိုရင်တောင် ဘယ်လိုရေကာတာမျိုး လုပ်မှာလဲပေါ့၊ ပြိုကျလာရင်တော့ ရေပြည့်နေတဲ့တိုင်ကီကို ကန်လှဲလိုက်သလို ဝေါခနဲပဲ၊ အသက်တောင်ရှူလို့ရမှာ မဟုတ်ဘူး" ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ယခင်အစိုးရလက်ထက်ကလည်း ယင်းချောင်းဆုံနေရာ၏အောက်ဘက် အညာဖျားချောင်းတွင် လျှပ်စစ်ထုတ်ရန် အထက်ပါ ကုမ္ပဏီကပင် ကြိုးစားခဲ့ဖူးသည်။

ဝင်ရှင်းခဲ့ဖူး
*******
ထိုအညာဖျားလျှပ်စစ်စီမံကိန်းသည် ရေလွှမ်းဧရိယာ ၁၂ မိုင်ပတ်လည်ခန့်ရှိနိုင်သည့်အပြင် ဥယျာဉ်ခြံမြေများနှင့်အတူ ချောင်း ဝန်းကျင်ရွာများပြောင်းရွှေ့ရမည်ဟု ဒေသခံများကြား သတင်းများထွက်ပေါ်ခဲ့ဖူးပြီး လွန်ခဲ့သောခြောက်နှစ်ခန့်က ညှိနှိုင်းမှုမရှိဘဲ ကုမ္ပဏီဘက်က စီမံကိန်းနေရာ ဥယျာဉ်ခြံမြေများကို စက်ယန္တရားများဖြင့် ဝင်ရှင်းခဲ့ဖူးသည်။

ဒေသခံများက ရွာများရွှေ့ပြောင်းရန်လုံးဝသဘောမတူမှုနှင့် ကန့်ကွက်ခဲ့မှုများကြောင့် ဒေသခံများနှင့်ညှိနှိုင်းပြီး တစ်စုံတစ်ရာပြေ လည်မှုမရသရွေ့ လုပ်ငန်းရပ်နားထားရန် အစိုးရက တရားဝင်ညွှန်ကြားခဲ့ရာ အညာဖျား ရေအားလျှပ်စစ်စီမံကိန်းကို ယခုအထိရပ်ဆိုင်း ထားခဲ့ရသည်။

အထောက်အပံ့ဖြစ်
************
ယခင် အညာဖျားစီမံကိန်းအား ဒေသခံများသဘောမတူသဖြင့် ကုမ္ပဏီဘက်မှ နေရာအနည်းငယ်ရွှေ့ကာ ခေါင်းစဉ်တစ်မျိုးတပ်ပြီး စီမံကိန်းကို ပြန်ပွဲထုတ်လာခြင်းမျိုးဖြစ်နိုင်ကြောင်း၊ ယင်းစီမံကိန်းများအား လေ့လာစောင့်ကြည့်နေသည့် ထားဝယ်ဖွံ့ဖြိုးအဖွဲ့ (DDA) မှ ဒါရိုက်တာဦးသန့်ဇင်က ပြောဆိုသည်။

"အစကတည်းက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရှိ မလုပ်ဆောင်ဘူးဆိုရင်တော့ ဒီနွားမရွှံ့ပိတ်စီမံကိန်းကြောင့် လူထု၊ အစိုးရနဲ့ကုမ္ပဏီကြားမှာ သဘောကွဲလွဲတင်းမာမှုတွေ ထပ်ဖြစ်ဦးမယ်။ ဒီစီမံကိန်း အကျိုးရှိမရှိ၊ သဘောတူမတူ အဲဒီကလူထုဆုံး ဖြတ်ပါလိမ့်မယ်" ဟု ဦးသန့်ဇင်က ပြောဆိုသည်။ လက်ရှိအကောင်အထည်ဖော်မည့် စီမံကိန်းမှာ
ဒေသ၏လျှပ်စစ်ဓာတ်အားရရှိရေး မည်မျှအထောက်အပံ့ဖြစ်စေမည်ကို အစိုးရဘက်ကထုတ်ပြောရန်လိုသကဲ့သို့ ကုမ္ပဏီဘက်ကလည်း စီမံကိန်းမစမီကတည်းက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း ဦးသန့်ဇင်က ထောက်ပြသည်။

 

Local News Read 412 times