တရုတ်နိုင်ငံက ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး တရုတ်သံအမတ်နှင့် ပြည်နယ်အစိုးရတို့ ဆွေးနွေးခဲ့ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောကြားသည်။
ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံဘက်က ပထမအကြိမ် လာရောက်ခြင်းဖြစ်ပြီး လိုအပ်ချက်များ မေးမြန်းခဲ့သည်ဟု ဝန်ကြီးက ပြောသည်။
‘‘ချင်းပြည်နယ်အတွက် လုပ်မယ်ဆိုရင် အများပိုင်ကုမ္ပဏီ ထောင်ကြပါ။ ပြီးရင် ချေးငွေယူပြီး ဆောင်ရွက်ကြဖို့ တရုတ်သံအမတ်က တိုက်တွန်းတယ်။ တခြားလိုအပ်တာရှိရင်လည်း တရုတ်သံရုံးကို စာနဲ့တင်ပြဖို့ ပြောသွားတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် လာလေ့လာတဲ့သဘောပါပဲ’’ဟု ဦးရွှေထီးအိုးကပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တရုတ်သံအမတ်တို့ တွေ့ဆုံပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဟားခါးမြို့၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲ
*******
ဆွေးနွေးပွဲတွင် ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ် ပိုမိုထုတ်လုပ်ရေးအပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများ၌ နည်းပညာအသုံးပြုနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ် ငန်းများ၌ ရင်းနှီးမြှုပ်နှံရေးတို့ ဆွေးနွေးခဲ့ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
ထို့အပြင် ချင်းပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရန် တရုတ်နိုင်ငံဘက်က တိုက်တွန်းကြောင်း ဦးရွှေထီးအိုးက ပြောသည်။
ကမ္ဘာ့ဘဏ်ချေးငွေ
***********
ချင်းပြည်နယ်တွင် လက်ရှိအစိုးရသက်တမ်းအတွင်း ကလေး-ဖလမ်း-ဟားခါးလမ်း အဆင့်မြှင့်ရန် ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာ ၆၈ သန်း ရရှိထားသည်။
လက်ရှိတွင် ပြည်နယ်အစိုးရက တွန်းဇံမြို့နယ် မဏိပူရမြစ်ပေါ်တွင် မဂ္ဂါဝပ် ၃၈၀ ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်း၊ လေးမြို့မြစ်ပေါ်တွင် မဂ္ဂါဝပ် ၆၀၀နှင့် မဂ္ဂါဝပ် ၉၀ စီ ထုတ်လုပ်မည့် ရေအားလျှပ်စစ် စီမံကိန်းနှင့် ကုလားတန်မြစ်ပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်းတစ်ခု ဖော်ဆောင်ရန် စီစဉ်ထားသည်။
ချင်းပြည်နယ်ရှိ မြို့နယ်ကိုးခုတွင် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကန်ပက်လက်နှင့် မင်းတပ်မြို့တို့သာ လျှပ်စစ်မီးရရှိထားသည်။
7 day