ကိုရီးယားအခြေစိုက် ဟွန်ဒိုင်းအမှတ်တံဆိပ်ကားများကို SKD စနစ်ဖြင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။ဟွန်ဒိုင်းက ပြည်တွင်းတွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းနှင့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို Daehan ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းလုပ်ကိုင်မည်ဖြစ်ကြောင်း ယင်းဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဆိုပါလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ရန်ကုန်မြို့ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်တွင် မော်တော်ယာဉ်ကို အစိတ်အပိုင်းများဖြင့် တပ်ဆင်ထုတ်လုပ်ခြင်း(SKD) စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။“ဒီမှာပဲထုတ်မယ်၊ ပြည်တွင်းဈေးကွက်ကိုလည်း ဖြန့်မယ်ဆိုရင် ပြည်သူတွေအတွက် ကားအသစ်တွေကို ဈေးသက်သက်သာသာစီးနိုင်မယ့် အနေအထားဖြစ်လာနိုင်တာပေါ့” ဟု ကားတင်သွင်း ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီများဖြစ်သည့် ဆူဇူကီးနှင့်Nissan၊ အမေရိကအခြေစိုက် Ford၊ ကိုရီးယား အခြေစိုက် KIA နှင့် တရုတ်ကုမ္ပဏီ အချို့အပါအဝင် ကုမ္ပဏီ ၈ ခုခန့်က မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့်လုပ် ငန်းများရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ပြည်ပမှ တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင်ထုတ်မပေးသော်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကိုမူ ရန်ကုန်လိုင်စင် ထုတ်ပေးလျက်ရှိခဲ့ပါတယ်။
The Voice