Covid-19 သည် အရှေ့တောင်အာရှဒေသအတွက် ၁၉၉၇ ခုနှစ် အာရှစီးပွားရေးနောက်ပိုင်း အကြီးမားဆုံးသော ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ခြင်းကိုဖြစ်စေခဲ့ပါသည်။ အစီရင်ခံစာအသစ်အရ ၂၀၂၀ တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုသည် ၄.၂ % ကျဆင်းသွားနိုင်သည်ဟုခန့်မှန်းထားကြသည်။
Institute of Chartered Accountants in England and Wales ၏ စီစဉ်မှုဖြင့် ထုတ်ဝေသည့် Global Economic Outlook report from Oxford Economics အစီရင်ခံစာတွင် စီးပွားရေးဆောင်ရွက်မှုများသည် ပြန်လည်လှုပ်ရှားလာပြီး၊ ၂၀၂၁ ခုနှစ်တွင် ၆.၄% အထိ ပြန်လည်တိုးတက်လာမည်ဟုခန့်မှန်ထားပါသည်။ ၂၀၂၀ ခုနှစ် ဒုတိယ ၆လပတ်အတွင်း ပြန်လည်လည်ပတ်လှုပ်ရှားမှုသည် ဒေသတစ်ခုနှင့်တစ်ခု တူညီမည် မဟုတ်ပဲ၊ ကန့်သတ်ထားမှုများ ဘယ်လောက်မြန်မြန်ဖြေလျော့နိုင်မည်ဆိုသည်နှင့် ပြည်ပတင်ပို့မှု လိုအပ်ချက်များ တိုးတက်လာခြင်းတို့အပေါ်မူတည်ပြီး ဒေသများတွင် ကွဲပြားမှုများရှိနေမည်ဖြစ်သည်။
Covid-19 ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ GDP အား ၂၀၂၀ ၏ ပထမ ၆ လပတ်တွင် ၉% အထိ လျော့ကျသွားစေပြီး၊ ၂၀၀၇-၂၀၀၉ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းထက် အနည်းဆုံး ၃ ဆခန့်ပိုမိုပြင်းထန်ခဲ့သည်ဟုဆိုပါသည်။ ၂၀၂၀ တတိယ ၃ လပတ်တွင် အားကောင်းသည့် ပြန်လည်လည်ပတ်မှုများ ရှိလာပြီး ၆.၄% အထိ ပြန်လည်တိုးတက်လာမည် ဖြစ်သော်လည်း အစီရင်ခံစာကမှု ၂၀၂၀ တစ်ခုလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ GDP သည် ၄.၄% ကျဆင်းသွားမည်ဟုဆိုထားသည်။
သို့သော် ၂၀၂၀ ဒုတိယ ၆ လပတ်တွင် ပြည်လည်တည်ဆောက်မှုများ အရှိန်ပြန်ရလာပြီး ၂၀၂၁ ခုနှစ်တွင် တိုးတက်မှုနှုန်းအား ၅.၈% အထိ ရှိလာစေမည်ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးသည် မကြာမီပြန်လည် ဦးမော့လာပြီး၊ ၂၀၂၁ နှစ်လည်တွင် ကပ်ရောဂါမဖြစ်မီ အမြင့်ဆုံးအမှတ်သို့ ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ ၂၀၀၈ ခုနှစ် စီးပွားရေးအကျပ်အတည်းကာလ ပြန်လည်နလံထလာသည့် အချိန်နှင့် တူညီသည့် ကာလအတွင်းမှာပင် ပြန်လည်နလံထူလာနိုင်ခြင်းဖြစ်သည်။
သို့သော် စီးပွားရေးလုပ်ဆောင်ချက်များ ပြန်လည်နလံထလာမှု၏ အားကောင်းမှုသည် အရှေ့တောင်အာရှဒေသအတွက် ဆက်လက်၍မတည်မငြိမ် ဖြစ်နေဦးမည်ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၂၀ ဒုတိယ ၃ လပတ် တွင် အစောပိုင်းကာလများက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပြန်လည်အားကောင်းလာပြီး၊ ဒေသတွင်းကန့်သတ်မှုများ ဖြေလျော့ပေးပြီးသည့်နောက် စီးပွားရေးပြန်လည်လည်ပတ်မှုများ ရှိလာမည်ဟုခန့်မှန်းထားကြသောလည်း ၎င်းကာလအတွင်းတွင် မသေချာမရေရာမှုများ ကြီးကြီးမားမား ဆက်လည်တည်ရှိနေမည်ဖြစ်ပါသည်။ ထို့အပြင် Covid-19 အား ထိန်းချုပ်မှုတွင်လည်း အောင်မြင်မှုများသည် တစ်နေရာနှင့်တစ်နေရာ ကွာခြားမှုများရှိပြီး ကန့်သတ်မှုများကို ဖြေလျော့ရာ၌ မတူညီသည့် ထွက်ပေါက်မဟာဗျူဟာများအား အသုံး ပြုကြခြင်းက ဒေသတွင်းနေရာ အသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးမှု ကွဲပြားချက်အား ပိုမိုကွာခြားမှု ကြီးမားစေပါသည်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ကဲ့သို့ ကပ်ရောဂါအား ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ခဲ့သည်ဟုယူဆရသည့်နိုင်ငံများ၏ စီးပွားရေးသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကဲ့သို့ ကန့်သတ်မှုများအား စောလျင်စွာ ဖြေလျော့ခဲ့သည့်အတွက် ကပ်ရောဂါနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ နိုင်ငံများထက် ပိုမိုအားကောင်းသည့် ပြန်လည်နလံထမှုမျိုးရှိလာနိုင်သည်။
အရှေ့တောင်အာရှ နိုင်ငံများ၏ ၂၀၂၀ ဒုတိယ ၆ လပတ်အတွင်း စီးပွားရေးပြန်လည်နလံထမှုနှုန်းသည် ဒေသအပေါ် မူတည်၍ ကွာခြားချက် များရှိနိုင်သည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကျဆင်းမှုကြောင့် ယခုနှစ်တွင် စင်ကာပူ၏ စီးပွားရေးတိုးတက်မှုသည် ၅.၇% ကျဆင်းသွားမည်ဟု ခန့်မှန်းထားသော်လည်း ပို့ကုန်တင်ပို့မှုနှင့် တင်သွင်းမှုများသည် ၂၀၂၁ ခုနှစ်တွင် ၆.၁% အထိ ပြည်လည်တိုးတက်လာလိမ့်မည်ဟုခန့်မှန်းထားကြပါသည်။ ပို့ကုန်အသားပေးစီးပွားရေးစနစ်အား အလွန်အမင်းမှီခိုနေရသည့် နိုင်ငံများဖြစ်သည့် စင်ကာပူနှင့်ဗီယက်နမ်တို့သည် ပြီးခဲ့သည့်လအနည်းငယ် အတွင်းတွင်တွေ့မြင်ခဲ့ရသည့် ပို့ကုန်တိုးတက်လာမှုကြောင့်ဖြစ်ပေါ်လာသော ကုန်သွယ်မှုညွှန်းကိန်းများ တည်ငြိမ်မှုမှ အကျိုးအမြတ်များ ဆက်လက်ရရှိနေဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ GDP အား ကမ္ဘာ့ဘဏ်မှ ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၇.၂% အထိ ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း စိုးရိမ်နေသည့်စားသုံးသူများ၏ အမူအကျင့်နှင့် ခရီးသွားလာမှု ကန့်သက်ချက်များက (မြန်မာနိုင်ငံစီးပွားရေး၏ ၄၂% အား လွှမ်းခြုံထားသော) ဝန်ဆောင်မှုကဏ္ဍအပါအဝင် ကဏ္ဍအများအပြားအား ထိခိုက်မှုများ ဆက်လက်ရှိနေစေမည်ဖြစ်သကဲ့သို့ တိုးတက်မှုနှုန်းအားလည်း ၁% အထိ ကျဆင်းသွားနိုင်သည်ဟုခန့်မှန်းထားပါသည်။ သို့သော် တိုင်းပြည်စီးပွားရေး၏ ၂၂% အား ကိုယ်စားပြုသည့် စိုက်ပျိုးရေးကဏ္ဍတွင်မူ အားကောင်းမှုများ ဆက်ရှိနေပြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် ကျဆင်းမှုအနည်းငယ်ရှိသော် လည်း စိုက်ပျိုးရေးတွင် ပုံမှန်လည်ပတ်နေသောကြောင့် ၀.၇% ခန့်သာ ကျဆင်းမှုရှိမည်ဟု ခန့်မှန်းထားပါသည်။ နိုင်ငံစီးပွားရေး၏ ၃၆% အားလွှမ်းခြုံထားသည့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်မူ Covid-19 ကြောင့် လုပ်သားရှားပါးမှုနှင့် တရုတ်ပြည်နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပို့ကုန်ကဏ္ဍတွင် အသုံးပြုသည့် ကုန်ကြမ်းများရရှိနိုင်ရေး အခက်အခဲများကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ၀.၂% ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြသည်။
ကပ်ရောဂါမှ ပြန်လည်နလံထလာမှုတွင် အားအကောင်းဆုံးမှာ ဗီယက်နမ်နိုင်ငံ ဖြစ်ပါသည်။ လက်ရှိအချိန် အထိ ရောဂါပိုးအား ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပြီး၊ အရှေ့တောင်အာရှ ဒေသအတွင်း ယခုနှစ်အတွင်း အပေါင်းလက္ခဏာပြသည့် တိုးတက်မှုရှိသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်လာနိုင်သည့် အခြေအနေတွင် ရှိနေပါ သည်။ ၂၀၂၀ အတွက် GDP တိုးနှုန်းအား ၂.၃% အဖြစ် ခန့်မှန်းထားပြီး၊ ၂၀၂၁ တွင် ၈% အထိ စီးပွားရေး တိုးတက်မှုရှိလာမည်ဟု ခန့်မှန်းထားသည်။
ICAEW ၏ တရုတ်ပြည်မကြီးနှင့် အရှေ့တောင်အာရှဆိုင်ရာ ဒေသတွင်းဒါရိုက်တာဖြစ်သူ Mark Billington က “အရှေ့တောင်အာရှရဲ့ စီးပွားရေးပြန်လည်နလံထမှုဟာ ခရီးရှည်ကြီးဖြစ်ပါလိမ့်မယ်။ တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲ၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမှာ ကာလရှည် နှေးကွေးမှုနဲ့ Covid-19 ကပ်ရောဂါကြီးက ဆက်ပြီးရှည်လျားနေတာတို့က ဒေသတွင်းရဲ့ တိုးတက်မှု မျှော်လင့်ချက်တွေအပေါ် သက်ရောက်မှု ရှိစေပါမယ်” လို့ဆိုပါတယ်။ တစ်ခါဆက်ပြီး “ဒေသတွင်း နိုင်ငံတိုင်းမှာ ကပ်ရောဂါအကျပ်အတည်းကို ခံစားနေကြရပေမယ့်၊ တစ်နိုင်ငံချင်းစီရဲ့ သီးခြားရှိနေတဲ့ စီးပွားရေးတည်ဆောက်ပုံတွေကြောင့် ကပ်ရောဂါရဲ့ သက်ရောက်မှုဟာ တစ်နေရာနဲ့တစ်နေရာ မတူညီနိုင်ပါဘူး။ စီးပွားရေးလုပ်ဆောင်ချက်တွေကို မြန်မြန်ပြန်စနိုင်တာနဲ့ ကပ်ရောဂါ ကို ကောင်းကောင်းထိန်းထားတာ၊ ဒီနှစ်ခုကို မျှခြေညီညီ ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေအတွက်က တခြားနိုင်ငံ တွေထက် စီးပွားရေးနလံထူမှုကို ပိုမြန်မြန် အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။” လို့ သူကဆိုသည်။
၂၀၂၀ စက်တင်ဘာ ၂ က ICAEW က ကြီးမှုးကျင်းပသည့် International Economic Forum တွင် စီးပွားရေးကဏ္ဍအသီးသီးမှ ခေါင်းဆောင်များက အရှေ့အလယ်ပိုင်း၊ တရုတ်နှင့် အရှေ့တောင်အာရှဒေသများ ၏ စီးပွားရေးတိုးတက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးကြရာတွင် စားသုံးမှု၌ ပြန်လည်နလံထူလာရေး၊ ပြန်လည် ထူထောင်ရေး မက်ခရိုပေါ်လစီများ၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းခြင်း၏ သက်ရောက်မှုများ အကြောင်းတို့အား အာရုံစိုက်ဆွေးနွေးခဲ့ကြသည်။
Oxford Economics ၏ အရှေ့အလယ်ပိုင်းဒေသ၊ ဦးဆောင်စီးပွားရေးပညာရှင်နှင့် စီမံခန့်ခွဲမှုဒါရိုက်တာ Scott Livermore က ဖိုရမ်အဖွင့်မိန့်ခွန်းတွင် အစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များအား တင်ပြခဲ့ပြီး၊ အခြားသော ပါဝင်ဆွေးနွေးသူ ပညာရှင်များဖြစ်ကြသည့် တရုတ်၊ စင်ကာပူ စတော့စျေးကွက်များ၏ အရင်းအနှီးစျေးကွက် ဆိုင်ရာ ဦးဆောင်အကြံပေးအရာရှိ Dr. Ernest Kan၊ Macquarie Infrastructure and Real Assets Fund ၏ Associate Director ဖြစ်သူ Zibo Cao နှင့် ဘောဂဗေဒပညာရှင် Tim Fox တို့နှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။
ပညာရှင်များမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည့် အဆိုပါဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ ကပ်ရောဂါမှ ပြန်လည်နလံထနိုင်စွမ်း၊ အထူးသဖြင့် တရုတ်ပြည်၏ ပြန်လည်နလံထူလာမှုနှင့် ထိုသို့နလံ ထူလာမှု၏ အရှေ့အာရှဒေသအပေါ် သက်ရောက်မှုများအား အာရုံစိုက်ခန့်မှန်းဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့အပြင် ပါဝင်ဆွေးနွေးသူများအနေဖြင့် ဒေသတွင်းအစိုးရများ၏ ကပ်ရောဂါအား ကိုင်တွယ်မှု မည်မျှကောင်း မွန်သည်၊ ဒေသတွင်း နိုင်ငံများအကြား ပြန်လည်နလံထလာမှု ဖြစ်စဉ်သည် မည်မျှကွာခြားပြီး၊ ဒေသတစ်ခုလုံး ၏ တိုးတက်မှုအား မည်သို့သက်ရောက်နိုင်မည်ဆိုသည့် အချက်များအား ဆွေးနွေးခဲ့ကြသည်။
အစီရင်ခံစာတွင် ပါရှိသည့် အခြားတွေ့ရှိချက်များမှာ -
· တရုတ်ပို့ကုန်များ ပြန်လည်နလံထူလာမည်ဖြစ်သော်လည်း လက်ရှိဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်မှု စစ်ပွဲ၏ သက်ရောက်မှုများအား ဆက်လက်ရင်ဆိုင်ရဦးမည်။
တရုတ်ပြည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၀ ဒုတိယ ၆ လပတ်တွင် ဆက်လက်တိုးတက် နေဖွယ်ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှုများ၏ ကြံ့ကြံ့ခိုင်နိုင်စွမ်းကလည်း ဆက်လက်မောင်းနှင်ပေးလျက်ရှိပါ သည်။ တရုတ်၏ GDP တိုးနှုန်းသည် ၂၀၂၀ တွင် ၂.၅% တိုးလာ ဖွယ်ရှိပြီး လျှပ်စစ်ထုတ်ကုန်များနှင့် Covid 19 ကာလအတွင်း အသုံးပြုရန်လိုအပ်သည့် တရုတ်နိုင်ငံလုပ် ကျန်းမာရေးဆိုင်ရာ အကာ အကွယ်များ၊ ဆေးရုံသုံးပစ္စည်းများကြောင့် ၂၀၂၁ တွင် ပိုအရှိန်ကောင်းလာကာ ၇.၉% အထိ ရှိလာမည် ဟုခန့်မှန်းထားပါသည်။ သို့သော် တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်မှုစစ်ပွဲကြောင့် တရုတ်နိုင်ငံ၏ သွင်းကုန်တွေအပေါ် သက်ရောက်မှုရှိလာစေပြီး ထုတ်လုပ်မှု ကဏ္ဍတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များ က တရုတ်နိုင်ငံ၏ ထုတ်ကုန်များကို တင်သွင်းမှုအား ကန့်သတ်လာခြင်းက ကာလလတ်အချိန်အပိုင်း အခြားအတွင်း တရုတ်၏ ပို့ကုန်ကဏ္ဍအတွက် ဆိုးရွားသည့် သက်ရောက်မှုများ ဖြစ်လာစေမည် ဖြစ်သည်။
· အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများ၏ စီးပွားရေးတွင် နှေးကွေးသည့် ပြန်လည်နလံထမှုအား မျှော်လင့် ထားရမည်။
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် ကပ်ရောဂါ၏ အနေအထားမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေဆဲ ဖြစ်ပါသည်။ ကန့်သတ်မှုများအား အချိန်မတိုင်မီ ဖြေလျော့လိုက်ခြင်းကြောင့် ကူးစက်မှုအရှိန် ပြန်လည်မြင့်တက်လာပြီး၊ ပြန်လည်လည်ပတ်မှုအတွက် အစီအမံများအား ရပ်ဆိုင်းသွားစေခြင်း သို့မဟုတ် နောက်ပြန်လည်သွားစေခြင်းမျိုးအား ကြုံတွေ့နေရပြီ ဖြစ်ပါသည်။ ယင်းနိုင်ငံများ၏ အားနည်းသည့် ပြည်သူ့ကျန်းမာရေးအဆောက်အအုံများ၊ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များနှင့် ကုန်ထုတ်လုပ်မှုကို အခြေခံကာ အဓိကမောင်းနှင်သည့် စီးပွားရေးအခြေအနေများကြောင့် အဆိုပါနိုင်ငံများ၏ စီးပွားရေးသည် သိသိ သာသာ အားနည်းလျက် ရှိနေမည်။
အလုပ်သမားများစျေးကွက်အတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် စုဆောင်းငွေမှ အသုံးစရိတ် ထုတ်ယူသုံးစွဲမှုတွင် နှေးကွေးမှုများသည် အိမ်ထောင်စုများအတွက် ဝင်ငွေနည်းပါးလာမှုအား ညွှန်းပြနေခြင်းကြောင့် အင်ဒိုနီးရှား၏ စီးပွားရေးနလံထမှုအား နှေးကွေးစေမည်ဟု ခန့်မှန်းရပါသည်။ GDP အနေဖြင့် ၂၀၂၀ တွင် ၂.၇% ကျဆင်းသွားနိုင်ပြီး၊ ၂၀၂၁ တွင် ၆.၂% တိုးတက်လာမည်ဟု ခန့်မှန်းထားပါ သည်။ ထို့အတူ ဖိလစ်ပိုင်တွင်လည်း အရှေ့တောင်အာရှအတွင်း အကြီးမားဆုံး GDP ကျဆင်းမှုအား ကြုံတွေ့ရမည်ဟု ခန့်မှန်းထား ပြီး၊ ၂၀၂၀ တွင် ၈.၂% အထိ ကျဆင်းကာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရခြင်းနှင့် ကန့်သတ်မှုများမှ နှေးကွေးစွာ ပြန်လည်ဖြေ လျော့နေရသည့် အခြေအနေများက ဖိလစ်ပိုင်၏ စီးပွားရေးကို အကြီးအကျယ် အထိနာစေလိမ့်မည်။
အစီရင်ခံစာ အပြည့်အစုံအား ဖတ်ရန်
https://www.icaew.com/technical/economy/economic-insight/global-economic-outlook-report
ICAEW - The Institute of Chartered Accountants in England and Wales အကြောင်း
ကမ္ဘာတစ်ဝှန်းတွင် လက်မှတ်ရစာရင်းကိုင်နှင့် ကျောင်းသူကျောင်းသားပေါင်း ၁.၈ သန်းကျော်ရှိပြီး၊ ၎င်းတို့ အထဲမှ ၁၈၆,၅၀၀ မှာ ICAEW ၏ အဖွဲ့ဝင်နှင့် ကျောင်းသူ၊ ကျောင်းသားများ ဖြစ်ကြပါသည်။ အရည်အချင်းရှိပြီး၊ ကျင့်ဝတ်လိုက်နာသည့်၊ professional များဖြစ်ကြပြီး ကမ္ဘာ့ထိပ်သီးကုန်အမှတ်တံဆိပ် ၁၀၀ အား ပိုင်ဆိုင်သည့် လုပ်ငန်းများသည် ICAEW ၏ အဖွဲ့ဝင်လက်မှတ်ရစာရင်းကိုင်များအား ခန့်အပ်တာဝန်ပေးထားလျက် ရှိကြပါ သည်။*
ICAEW သည် အားလုံးပါဝင်မှု၊ လူမျိုးကွဲပြားမှု စုံလင်မှု၊ မျှတမှုတို့အား မြှင့်တင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး၊ အရည်အချင်းရှိသည့် professional များအား ရွေးချယ်ကာ ကြံ့ခိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့ အစည်းများအား တည်ဆောက်ရန်အတွက် လိုအပ်သည့် ကျွမ်း ကျင်မှုနှင့် တန်ဖိုးများအား လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာမြေ၏ ရင်းမြစ်များအား အရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်း ကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။
၁၈၈၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး လူထုအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့သည့် ရှည်လျားသည့် သမိုင်းကြောင်းအား ပိုင်ဆိုင်ထားပြီး၊ ကမ္ဘာတစ်ဝှန်းရှိ အစိုးရများ၊ ဥပဒေ၊ စည်းမျဉ်းရေးဆွဲသူများ၊ စီးပွားရေး ခေါင်းဆောင်များနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။ တိုးတက်ဖွံ့ဖြိုးရေးအတွက် စည်းမျဉ်းများ သတ်မှတ် ရသူတစ်ဦးအနေဖြင့် လုပ်ငန်းပေါင်း ၁၂,၀၀၀ ကျော်အား စောင့်ကြည့်ခြင်း၊ လမ်းညွှန်ခြင်းများ ပြုလုပ်ပေး လျက်ရှိပြီး၊ ICAEW ၏ အဖွဲ့ဝင်များ၊ ကျောင်းသူကျောင်းသားများ၏ အရည်အသွေးပြည့်ဝမှု၊ ကျင့်ဝတ်လိုက်နာ မှုများတွင် အမြင့်မားဆုံး စံနှုန်းများရှိနေစေရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။
ICAEW သည် Chartered Accountants Worldwide ကွန်ယက်၏ အဖွဲ့ဝင်တစ်ခုဖြစ်ပြီး Chartered Accountants Worldwide သည် နိုင်ငံ ပေါင်း ၁၉၀ မှ အဖွဲ့ဝင်ပေါင်း ၇၅၀,၀၀၀ ပါဝင်သည့် ကွန်ယက်တစ်ခု ဖြစ်ကာ လတ်မှတ်ရစာရင်းကိုင်များ၏ ကျွမ်းကျင်မှုများအား ကမ္ဘာအနှံ့မြှင့်တင်ပေးနေသည့် အဖွဲ့အစည်း လည်းဖြစ်ပါသည်။
လက်မှတ်ရစာရင်းကိုင်စနစ်သည် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို တွန်းအားပေးနေသည် ဟု ICAEW မှ ယုံကြည်ထားပါသည်။ ICAEW ၏ Insight များ၊ ကျွမ်းကျင်မှုများနှင့် အသိပညာများအား မျှဝေ ခြင်းဖြင့် စီးပွားရေးတိုးတက်မှုအားကောင်းလာစေရေး အကူညီပေး နိုင်ပြီး၊ အရှည်တည်တံ့သည့် အနာဂတ်အား အားလုံးအတွက် ဖန်တီးနိုင်ရန် ကူညီပေးသွားမည် ဖြစ်ပါသည်။
Source: CAW, 2020 – Interbrand, Best Global Brands 2019
Oxford Economics အကြောင်း
Oxford Economics သည် ကမ္ဘာ့ထိပ်တန်း အကြံပေးလုပ်ငန်းတစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၀၀၊ လုပ်ငန်းပေါင်း ၁၀၀၊ မြို့ပေါင်း ၃,၀၀၀ တွင် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ လေ့လာ ဆန်းစစ်ခြင်း အစီအစဉ်များတွင် အနာဂတ်စီးပွားရေးအခြေအနေများအား ခန့်မှန်းခြင်း၊ ပြောင်းလဲနေသည့် စီးပွားရေးအခြေအနေများ၏ စီးပွားရေး၊ လူမှုရေးသက်ရောက်မှုများအား လေ့လာခြင်းတို့ကို အခြားမည်သည့် အကြံပေးအဖွဲ့များနှင့် မတူညီအောင် ပြုလုပ်နိုင်စွမ်းရှိသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ဌာနချုပ်အား အင်္ဂလန်နိုင်ငံ၊ Oxford တွင် အခြေစိုက်ပြီး၊ လန်ဒန်၊ နယူးယောက်ခ်၊ စင်ကာပူနှင့် ကမ္ဘာတစ်ဝှန်းရှိ မြို့ကြီး များတွင် ရုံးခွဲများ ဖွင့်လှစ်ထားကာ မက်ခရိုစီးပွား ရေးပညာရှင်များ၊ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် ကမ္ဘာ့အကြီးမားဆုံး ပညာရှင်အဖွဲ့အား စုဖွဲ့ဝန်ဆောင်မှုပေးလျက် ရှိ ပါသည်။