၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ICAEW သည် စင်ကာပူနိုင်ငံ PwC ၏ အကူအညီဖြင့် တရုတ်နှင့် အရှေ့တောင်အာရှရှိ စီးပွားရေးနှင့် အတွေးအခေါ်ဆိုင်ရာ မျိုးဆက်သစ်ခေါင်းဆောင်များကို ဖိတ်ခေါ်၍ အနာဂတ်တွင် ရေရှည်အကျိုးဖြစ်ထွန်းသောစီးပွားရေးကို တည်ဆောက်ရန် စာရင်းကိုင်များက မည်သို့အထောက်အကူပေးနိုင်မည် ဆိုသည့်အကြောင်းများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းအဖွဲ့အစည်းများ၏ လူမှုအကျိုးပြုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ICAEW ၏ အမြဲလုပ်ဆောင်နေသာ အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အွန်လိုင်း ဆွေးနွေးပွဲဖြစ်သော “အနာဂတ်ရေရှည်အကျိုးဖြစ်ထွန်းသော စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း” ဆွေးနွေးပွဲ၌ စီးပွားရေးလုပ်ငန်းများသည် အဘယ်ကြောင့် အပြောင်းအလဲများကို လုပ်ဆောင်သူများ ဖြစ်လာသလဲဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။
ICAEW ၏ တရုတ်နှင့် အရှေ့တောင်အာရှဆိုင်ရာာ ဌာနအုပ်ချုပ်သူဖြစ်သည့် Mark Billington က ဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် World Wildlife Fund မှ ဇာတ်လမ်းတိုဖြစ်သည့် “Our Planet: Our Business” ကို ပြသခဲ့ကာ အနာဂတ်ရေရှည်အကျိုးဖြစ်ထွန်းရေးအတွက် စီးပွားရေးလုပ်ငန်းများက အရေးကြီးသော အခန်းက တွင်ပါဝင်နေကြောင်း ထောက်ပြခဲ့သည်။ ယင်းဇာတ်လမ်းတိုတွင် သဘာဝတရားနှင့် ကမ္ဘာကြီးကိုကာကွယ်ခြင်းသည် မည်သည့်အတွက်ကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးကာ ရာသီဥတုပျက်ယွင်းခြင်းများကို ကာကွယ်ရန် လုပ်ငန်းကဏ္ဍများက များစွာ စွမ်းဆောင်နိုင်သည် ဆိုသည်ကို ရှင်းလင်းပြသထားသည်။
PwC စင်ကာပူ၏ Responsible Business Manager ဖြစ်သူ Rebecca Kershaw က ဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးခဲ့ပြီး လက်ရှိ သဘာဝပတ်ဝန်းကျင်ပျက်ဆီးနေမှုများနှင့် ၎င်းတို့၏ အကျိုးသက်ရောက်ပုံများကို တင်ပြခဲ့သည့် အပြင် ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါသည် သဘာဝတရား၏ တနည်းတဖုံ ပြန်လည်တည်ဆောက်မှု သဘောကို ဆောင်ကြောင်းကိုလည်း မျှဝေပြောကြား ခဲ့သည်။ စီပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ စီးပွားရေးနည်းဗျူဟာများ နှင့် ရည်မှန်းချက်များကို ရေရှည်အကျိုးဖြစ်ထွန်းသော ဖွံ့ဖြိုးမှုရလဒ်များဖြစ်အောင် တည်ဆောက်ရန် အရေးတကြီး လိုအပ်ကြောင်းနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် စွန့်ပစ်ပစ္စည်းများ နည်းပါးစေပြီး အရင်းအမြစ်များ သုံးစွဲမှုကို လျှော့ချကာ သဘာဝကို အထောက်အကူဖြစ်သည့် လုပ်ငန်းလည်ပတ်မှုပုံစံများ လိုအပ်ကြောင်းကိုလည်း ထောက်ပြခဲ့သည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာနယ်ပယ်များ၌ အဓိကလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည့် ICAEW မှ ငယ်ရွယ်ထူးချွန်သော စာရင်းကိုင်များက လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ဝိုင်းဖွဲ့ဆွေးနွေးမှုပုံစံဖြင့် ဆွေးနွေးခဲ့ ကြသည်။ ပါဝင်ခဲ့သူများမှာ_
· Vu Nguyen, ACA, CFA, Associate Director, Temasek
· Beldon Chia, ACA, Corporate Finance Manager, CCM Duopharma Biotech Berhad
· Soo Jianhao, ACA Graduate, Senior Associate, General Assurance, PwC Singapore တို့ ဖြစ်သည်။
ပါဝင်ဆွေးနွေးကြသူများက ရေရှည်အကျိုးဖြစ်ထွန်းမှုရှိသော အစီအစဉ်များနှင့် လုပ်ငန်းများကို ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် မည်သို့လုပ်ဆောင်ခဲ့သည်ဆိုသည့် လုပ်ငန်းအတွေ့အကြုံများနှင့် မည်သို့ ပါဝင်လုပ်ဆောင်ခဲ့သည် ကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နှင့် စီမံခန့်ခွဲမှုများကို ပေါင်းစပ်လုပ်ဆောင်ခြင်း (ESG) ကို စီးပွားရေးဆိုင်ရာ လုပ်ငန်းလုပ်ဆောင်မှုများတွင် မည်သို့ထည့်သွင်းရမည်ကိုလည်းကောင်း၊ ရေရှည်အကျိုးဖြစ်ထွန်းမှု ဆိုင်ရာအဖွဲ့အစည်းကို စတင်ပြီး စာရွက်စာတမ်း ကင်းလွတ်သောလုပ်ငန်းခွင်များကို လုပ်ဆောင်ခြင်းစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ရေရှည်အကျိုးဖြစ်ထွန်းမှုကို လက်ရှိစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှုံမှုနယ်ပယ်တွင် ပိုမိုတွင်ကျယ်စွာ ထည့်သွင်းစဉ်းစားလာခြင်းနှင့် စာရင်းစစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်များက လုပ်ငန်းဆုံးဖြတ်မှုများတွင် မည်သို့ ပါဝင်နိုင်မည် အစရှိသည်များနှင့် ပတ်သက်သော အမြင်များကိုလည်း ထည့်သွင်းပြောကြားခဲ့ကြသည်။
ရာသီဥတု ဖောက်ပြန်လာခြင်းများ၏ သိသာထင်ရှားလှသော ဆိုးဝါးသည့်အကျိုးသက်ရောက်မှုများနှင့် ပတ်သက်သည့် သိပ္ဗံနည်းကျ အထောက်အထားများ ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့ လုပ်ငန်းလုပ်ဆောင်ရာ တွင် ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေ့ရှုသော လုပ်ငန်းခံယူချက်နှင့် အပြုအမှုများကို အလျင်အမြန်ပြောင်းလဲ လုပ်ဆောင် ရမည်ဆိုသည့် နားလည်မှုများ မရှိသေးသည်ကို တွေ့ရသည်။ အားလုံး တပြေးညီလက်ခံထားသည်မှာ လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် ၎င်းတို့မည်သို့ အကျိုးသက်ရောက်နေသည်ကို သိရှိပြီး တာဝန်ယူစိတ်ရှိရမည်ဖြစ်ပြီး ယင်းသို့ ထည့်သွင်းစဉ်းစားမှုမရှိသည့် လုပ်ငန်းများသည် အကျိုးအမြတ် ကြာရှည်ရရှိနိုင်ရန် မလွယ်ကူပါ။ စာရင်းကိုင် ပညာရှင်များအနေဖြင့် လုပ်ငန်းများကို ရေရှည်အကျိုးဖြစ်ထွန်းမှုနှင့် ကာလရှည်အောင်မြင်မှုများ ရရှိရန်မည်သို့ လုပ်ဆောင်ရမည်ဆိုသည့် အကြံဉာဏ်များနှင့် တိကျသောအချက်အလက်များကို ပေးကာ ထောက်ပံ့ကူညီနိုင်သည်။
“ကျွန်တော်တို့ဟာ အခုဆိုရင် အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်ဦးချင်းစီတိုင်းအတွက်ကို ရေရှည်အကျိုး ဖြစ်ထွန်းမှုကို ထိပ်ဆုံးထား စဉ်းစားရမယ့် အနေအထားကို ရောက်နေပါပြီ၊ လုပ်ငန်းတွေအနေနဲ့က လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေကို ဖြစ်စေဖို့က အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုရမှာဖြစ်ပြီး တော့ သူတို့ လုပ်ငန်းတွေဟာ ကာလရှည်အတွက် ရည်မှန်းချက်နဲ့ လုပ်ငန်းလည်ပတ်မှု ကိုရှိရမယ်ဆိုတာ သိရပါမယ်” ဟု ICAEW ၏ တရုတ်နှင့်အရှေ့တောင်အာရှဆိုင်ရာ ဌာနအုပ်ချုပ်သူ Mark Billington က ပြောသည်။ “ICAEW အနေနဲ့ ရေရှည်အကျိုးဖြစ်ထွန်းစေတဲ့ စီးပွားရေးဗျူဟာအကြောင်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိလာဖို့နဲ့ စတင်လုပ်ကိုင်လာကြ ဖို့ကို ကျွန်တော်တို့ရဲ့ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေအပြင် ဦးဆောင် NGO တွေ၊ think-tanks ၊ စီးပွားရေးသမားတွေ၊ လူမှုခေါင်းဆောင်တွေနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ပိုမိုမြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
ICAEW သည် ရေရှည်အကျိုးဖြစ်ထွန်းမှုနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ သိနားလည်လာပြီး စတင်လုပ်ကိုင် လာကြရန် ဆောင်ရွက်မှုများတွင် ရှေ့တန်းမှ ပါဝင်ရန် ရည်ရွယ်ထားသည်။ ICAEW မှ ၎င်းတို့၏ အဖွဲ့ဝင်များအား ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အခမ်းအနားများ၊ အချက်အလက်နှင့် လိုအပ်သည့် အခြေခံကိစ္စရပ်များကို ကျယ်ပြန့်စွာ ထောက်ပံ့ကူညီ လျက်ရှိသည်။ ထိပ်တန်းပညာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စေခဲ့ပြီး ရေရှည်အကျိုး ဖြစ်ထွန်းမှုဆိုင်ရာစာတမ်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရာသီဥတု ဆိုင်ရာကိစ္စရပ်များကို မှီငြမ်းကြီးကြပ်ပေး နိုင်မည့် ICAEW Climate Hub နှင့် ICAEW Global Goals Hub စသည်တို့ကိုလည်း ချဲ့ထွင်ခဲ့ပြီး UN ၏ ရေရှည်အကျိုး ဖြစ်ထွန်းမှုဆိုင်ရာပန်းတိုင်များကို အထောက်အကူပေးမည့် အချက်အလက်များကို လုပ်ဆောင်နေလျက်ရှိသည်။
ICAEW - The Institute of Chartered Accountants in England and Wales အကြောင်း
လက်မှတ်ရစာရင်းကိုင်များသည် အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်ညီညွတ်ကာ လုပ်ငန်းကျွမ်းကျင်မြှုပ်နှံထားသည့် ပညာရှင်များဖြစ်သည်။ ကမ္ဘာတဝှန်းလုံးတွင် လက်မှတ်ရစာရင်းကိုင်နှင့် ကျောင်းသားပေါင်း ၁.၈ သန်းကျော် ရှိနေပြီး ယင်းတို့အနက် ၁၈၆,၅၀၀ တို့သည် ICAEW အဖွဲ့ဝင်နှင့် ကျောင်းသားများ ဖြစ်ကြသည်။
ICAEW သည် အားလုံးပါဝင်မှု၊ မတူကွဲပြားမှုနှင့် တရားမျှတမှုကို ဦးတည်ဆောင်ရွက်သည်။ အရည်အချင်းရှိသော လူငယ်များ တစ်ဦးချင်းကို ICAEW မှ လေ့ကျင့်ပျိုးထောင်ပေးပြီး ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကဏ္ဍများ ကို ရှေရှည်ဖြစ်ထွန်းပြီး မျှတအားထားနိုင်သည့် စီးပွားရေးဖြစ်အောင် တည်ဆောက်နိုင်သည့် လုံလောက်သော ဗဟုသုတနှင့် အရည်အသွေးရှိစေရန် တစ်ဦးချင်းစီအား ကူညီထောက်ပံ့ပေးလျက်ရှိသည်။
ICAEW ကိုတည်ထောင်ခဲ့သည့် ၁၈၈၀ ခုနှစ်မှစ၍ တကမ္ဘာလုံး အတိုင်းအတာအားဖြင့် အများပြည်သူအကျိုးပြု လုပ်ငန်းများကို အစိုးရဌာနများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် စီးပွားရေး ဆိုင်ရာ ဦးဆောင်သူများနှင့်အတူ တွဲလျက်လုပ်ကိုင်ခဲ့သည်။ နိုင်ငံပေါင်း ၁၉၀ တွင် အချိတ်အဆက်ပေါင်း ၇၅၀,၀၀၀ ရှိကာ ကမ္ဘာတဝှန်းရှိ လက်မှတ်ရစာရင်းကိုင်များ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများကို မြှင့်တင်ပေးနေသည့် Chartered Accountants Worldwide ၏ အဖွဲ့ဝင်လည်းဖြစ်သည်။
Chartered Accountancy သည် ကောင်းမွန်သောအပြောင်းအလဲကို ပေးနိုင်မည့်အပြင် သိရှိထားသော အသေးစိတ်အချက်အလက်များ၊ ကျွမ်းကျင်မှုနှင့် နားလည်တတ်ကျွမ်းမှုများကို အသုံးချကာ လူသားအားလုံးအတွက် ရေရှည်အကျိုးဖြစ်ထွန်းမှုရှိသော စီးပွားရေးနှင့် အနာဂတ်ကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။