မှတ်ပုံတင်ကြေးလျှော့ချ၍ မှတ်ပုံတင်သည့် ကုမ္ပဏီအရေအတွက် တစ်ဆခွဲကျော်တိုးလာ


18 April, 2018

ယခုဘဏ္ဍာနှစ်စတွင် မှတ်ပုံတင်ကြေးထက်ဝက်ခန့် လျှော့ချခဲ့၍ မှတ်ပုံတင်သည့် ကုမ္ပဏီအရေအတွက် တစ်ဆခွဲကျော် တိုးလာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

မြန်မာနိုင်ငံ၏ကုမ္ပဏီမှတ်ပုံတင်ကြေးကို ယခုနှစ် ဧပြီ ၁ ရက်က စတင်၍ ကျပ် ၂၅၀,၀၀၀ ကောက်ခံမည်ဟု မတ်လ ၁၃ ရက် က ကြေညာချက် ထုတ်ပြန်ထား ရာ ဧပြီ ၂ ရက်တွင် ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လုပ်ငန်းလုပ်ကိုင်ရန် လာရောက်မှတ်ပုံတင်သည့် မြန်မာကုမ္ပဏီ ၆၂ ခုနှင့် နိုင်ငံခြားကုမ္ပဏီ ၁၃ ခုရှိနေသည်။ ဧပြီ ပထမပတ်အတွင်း ရန်ကုန်တိုင်း၌ မြန်မာနိုင်ငံသား ကုမ္ပဏီ ၁၆၈ ခု၊ နိုင်ငံခြားကုမ္ပဏီ ၂၉ ခု မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်း စဉ်များတွင် မှတ်ပုံတင်ကြေး လျှော့ချမှုအပြင် အခြားဖြေလျှော့မှုများလည်း ရှိနေခြင်းကြောင့် တိုးတက်မှုရှိသည်ဟုဆိုနိုင်သော်လည်း ကုမ္ပဏီဥပဒေ အတည်ပြုပြီးနောက် ပိုမိုပီပြင်လာမည်ဟု ၎င်းက ပြောခဲ့ပါသည်။

လာမည့် သြဂုတ် ၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းမည့်မြန်မာနိုင်ငံကုမ္ပဏီဥပဒေ၌ ကုမ္ပဏီတစ်ခုကို ဒါရိုက်တာတစ်ဦးဖြင့် တည်ထောင်နိုင်ပြီး မြန်မာကုမ္ပဏီများ တွင် နိုင်ငံခြားသားရှယ်ယာများ ပါဝင်ခွင့်ပေးထားကြောင်း သိရပါသည်။

ဒီချုပ်အစိုးရ လက်ထက် ကုမ္ပဏီမှတ်ပုံတင်ကြေးလျှော့ချခြင်းကို နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၆ ဇွန်လ ၁ ရက်က ကျပ် ၁၀ သိန်းမှ ကျပ်ငါးသိန်းသို့ လျှော့ချခဲ့သည်။

စီးပွားရေးလုပ်ငန်းများ လွယ်ကူ စွာလုပ်နိုင်ရေး ယင်းသို့ လျှော့ချပေးပြီး ယင်းသို့ လျှော့ချမှုကြောင့် ပြည်တွင်းကုမ္ပဏီများ ပိုများလာနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါသည်။

နိုင်ငံသားများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်၍ စီးပွားရေးလုပ် ကိုင်ရာတွင် ပိုမိုသက်သာစေရန်၊ အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရန် နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းများကို ကုမ္ပဏီ အဖြစ် ပြောင်းလဲပြီး လုပ်ငန်းများ ချဲ့ထွင်နိုင်စေရန် ယခုကဲ့သို့ မှတ်ပုံတင်ကြေး လျှော့ချခြင်းဖြစ်သည် ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

Source:7day daily

Local News Read 739 times