တစ်ဒေါ်လာ ၂ဝဝဝ သို့ ဈေးတက်ခဲ့မယ်ဆိုလျှင်


24 September, 2018

သည်နေ့မှာ အမေရိကန်ဒေါ်လာဈေးကို မြန်မာနိုင်ငံဗဟိုဘဏ်က ၁၅၅၇ ကျပ်သတ်မှတ်ထားပေမဲ့ ပြင်ပမှာ အဝယ်ဈေး ၁၅၈၈ ကျပ်ရှိပြီး အရောင်းဈေးကတော့ ၁၆၀၈ ကျပ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က အမေရိကန်တစ်ဒေါ်လာရဲ့ဈေးနှုန်းဟာ ကျပ် ၁၅ဝဝ အထိ မြင့်တက်လာခဲ့တာပါ။ လက်ရှိမှာ အမေရိကန်ဒေါ် လာဈေး ပြန်လည်ကျဆင်းဖို့ အရိပ်အယောင် မတွေ့ရသေးတာကြောင့် အကယ်၍များ ဒေါ်လာဈေးကျပ် ၂ဝဝဝ ကို ရောက်သွားခဲ့ရင် ဘာတွေဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားစရာပါ။

လုပ်ငန်းရှင်တစ်ဦးက “ပစ္စည်းတစ်ခုက လိုသည်ထက်ပိုတက်ရင်တော့ ဘယ်အရာမှမကောင်းပါဘူး၊ လိုသည်ထက် ပိုကျရင်လဲ မကောင်းဘူးပေါ့ဗျာ၊ ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားပေါ်မှာပဲ မူတည်ပါတယ်၊ ကျွန်တော်တို့ကုန်သည်တွေက တော့ တက်တာလဲမကြိုက်ဘူးဗျ၊ ကျတာလဲ မကြိုက်ဘူး၊ ပုံမှန်လေးသွားတာကိုပဲ ကြိုက်ပါတယ်၊ အတက်အကျကြမ်းတဲ့အခါ အတက်အကျမြန်တဲ့အခါ အလုပ်လုပ်ရတာ အဆင်မပြေဘူး”လို့ ပြောပါတယ်။

သူက ဒေါ်လာဈေးတစ်ခုတည်းသာ စံချိန်တင်တက်တယ်လို့ ပြောတယ်ဗျ။ အဲဒါရဲ့နောက်မှာ သက်ရောက်မှုတွေက အများကြီးပါ။ ပထမဆုံး သက်ရောက်မှုကသွင်းကုန်တွေ ဈေးတက်လာတယ်။ အခုဆိုရင် ဆေးဝါးဈေးတွေ တက်လာပြီး၊ ဆန်ဈေး တက်လာနေပြီ။ အဲဒါဟာ အမေရိကန်တစ်ဒေါ်လာကို ၁၆ဝဝ ကျပ်ဝန်းကျင်ရှိတဲ့ အနေအထားပါ။ တစ်ဒေါ်လာ ၂ဝဝဝ ကျပ် ဖြစ်ရင် ကြိုတွက်လို့ ရနေပါပြီ ၊ အဲသည်ဆေးနဲ့ ဆန်ဈေးနှုန်းတွေ သည်ထက် ပိုတက်ဖို့ပဲ ရှိပါတယ်။ ဒါကတော့ လူတိုင်းမသုံးစွဲရင် မဖြစ်တဲ့ကုန်ပစ္စည်းနှစ်ခုကို ဥပမာပေးတာပါ။ ဆေးဝါးတွေမဝယ်နိုင်တော့လောက်အောင် ဈေးတွေမြင့်တက်သွားခဲ့ရင် လူနာတွေ ဘယ်လိုအသက်ရှင်ရပ်တည်ကြရမလဲ။ ဆန်တွေ မဝယ်နိုင်တော့လောက်အောင် ဈေးနှုန်းတွေ မြင့်တက်သွားရင် အန္တရာယ်ကြီးမားပါတယ်။ အများပြည်သူမဖြစ်မနေသုံးစွဲရတဲ့ပစ္စည်းတွေ ဈေးတက်လာမှာကတော့ စိတ်မကောင်းစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ တင်ဝင်းက “လက်ရှိမှာဒေါ်လာဈေးနှုန်း ကန့်သတ်တာတွေကို ဖြေလျှော့ပေးလိုက်တဲ့အတွက် ဈေးကွက်လိုအပ်ချက်ရှိသလောက်တော့ ဈေးနှုန်းက မြင့်တက်နေဦးမှာဖြစ်တယ်၊ ရောင်းလိုအားနဲ့ ဝယ်လိုအားထိန်းညှိရတဲ့အထိတော့ စောင့်ကြရမှာဖြစ်တယ်”လို့ ပြောတယ်။

ဒေါ်လာဝင်ငွေရပေါက်ရလမ်းကို အခုလက်ရှိ အခြေအနေထက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် တိုးအောင်မလုပ်နိုင်ဘဲ အခုအတိုင်းပဲ ရှေ့ဆက်သွားနေရင် အမေရိကန်တစ်ဒေါ်လာကျပ် ၄ဝဝဝ အထိလည်း ဖြစ်လာနိုင်တယ်။ ကျသွားဖို့တော့ မရှိပါဘူးလို့ဆိုပါတယ်။

ဘာဖြစ်လာမလဲဆိုတော့ အချိန်တိုအတွင်းမှာ ပြည်သူတွေ အရမ်းဒုက္ခရောက်ပါမယ်။ သွင်းကုန်တွေ အပေါ်မှာ မှီခိုရတာများခဲ့တာကြောင့်ပါ။ ကိုယ်စားချင်တာ စားလို့မရတော့ဘူး။ ဒေါ်လာဈေးမြင့်လာတာနဲ့အမျှ သွင်းကုန်တွေ ရပ်တန့်သွားပါမယ်။ ပြည်တွင်းမှာလည်း မထုတ်နိုင်သေးတဲ့အတွက်ပါ။ မရှိမဖြစ် သုံးစွဲရမယ့်ဆေးဝါးပစ္စည်းလိုဟာမျိုးတွေ ဈေးအဆမတန်မြင့်တက်သွားနိုင်ပါတယ်။ ကာလတိုအတွင်းမှာတော့ ပြည်သူတွေ ခါးစည်းခံရမယ်။ စိတ်ပူစရာမလိုတာကတော့ အဲသည်စားသောက်ကုန်ပစ္စည်းဆိုတာတွေက အတွင်းမှာ အစားထိုးထုတ်လုပ်နိုင်ဖို့ပါပဲ။ တအားဈေးကြီးသွားတဲ့ စားသောက်ကုန်တွေကို ပြည်တွင်းမှာ တိုးမြှင့်ထုတ်လုပ်လာကြပါမယ်။ အဲဒါဟာ အဆိုးထဲကအကောင်း ဖြစ်လာတတ်တာပါ။

လက်ရှိမှာ ပြည်ပက သွင်းကုန်တွေ မရှိတော့တဲ့အခါ ပြည်တွင်းထုတ်ကုန်တွေ ပြန်နေရာရလာနိုင်တဲ့သဘောတရားပဲ ဖြစ်တယ်။ ဒါပေမဲ့ သံ၊ သံမဏိ၊ အီလက်ထရွန်းနစ်တို့လို ကုန်ပစ္စည်းတွေကတော့ ချက်ချင်းထုတ်နိုင်ဖို့တော့ ခဲယဉ်းပါတယ်လို့  ဒေါက်တာ တင်ဝင်းက ပြောတယ်။

စီးပွားရေးကျွမ်းကျင်သူဦးမြတ်မင်းသူကတော့ “အမေရိကန်ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာရင် ပြည်ပကတင်သွင်းရတဲ့ ကုန်ကြမ်းဈေးနှုန်းတွေလဲ မြင့်တက်လာမယ်၊ ပြည်တွင်းဈေးကွက်ဆိုတာက သွင်းကုန်ပေါ်မှာပဲ အများစုမှီခိုနေရတာမို့ သွင်းကုန်ကြမ်းကို မှီပြီးတော့မှ ထုတ်တဲ့ ကုန်ချောအတွက်တော့ ကုန်ကြမ်းဈေးတက်ရင် ကုန်ချောဈေးပါတက်လာပါတယ်။ ဒါက လက်တွေ့ဈေးကွက်မှာ ဖြစ်နေတာပါ၊ အဲဒီထက်ဆိုးလာရင်တော့ စီးပွားပျက်ကပ်ကြုံရနိုင်တယ်”လို့ ဆိုတယ်။

ဘာကြောင့်တက်
**********
အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်မြင်တာကတော့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ထိန်းကျောင်းမှုအပေါ်မှာပဲ မူတည်ပါတယ်၊ ဈေးကွက်စီးပွားရေးစနစ်မှာ ထိန်းချုပ်လို့မရသလို လွှတ်ထားလို့လဲ မရဘူးဗျ၊ ဈေးကွက်ရဲ့သဘောတရားလေးတော့ နားလည်ဖို့လိုတယ်”လို့ ပြောတယ်။

အခုရာသီက ဘာပစ္စည်းမှ မထွက်ပါဘူး။ သစ်တောထွက်ပစ္စည်း၊ သဘာဝသီးနှံပစ္စည်း ဘာမှမထွက်သေးပါဘူး။ မိုးတွင်းဖြစ်နေတဲ့အခါ ထွက်ကုန်ပစ္စည်းမရှိဘူး။ ထွက်ကုန်မရှိတဲ့အခါ တခြားကနေ ဝယ်ရတယ်။ အဲသည်အခါ ပြည်ပကနေ တင်သွင်းရ တာ ပိုများနေတော့ ဒေါ်လာလိုအပ်ချက်က အခြားရာသီဥတုတွေထက် ပိုကြီးမားနေတယ်။ ဒေါ်လာလိုအပ်ချက်များနေတော့ ဝယ်ရင်းဝယ်ရင်းနဲ့ ဈေးတက်ဦးမလားဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေပါလာတယ်လို့ မြင်တယ်လို့ဆိုပါတယ်။

နောက်လဆိုရင်တော့ ဆန်စပါးထွက်ပြီ၊ ကောက်ပဲသီးနှံထွက်လာမယ်။ အဲသည်လို ထွက်ကုန်တွေနဲ့ ပြည်ပပို့ကုန်တွေပြန်လည်တင်ပို့နိုင်ပြီ ပို့ကုန်တွေများလာပြီဆိုရင်တော့ ဈေးပြန်ငြိမ်ချင်ငြိမ်သွားမယ်။ ကျရင်ကျသွားမယ်လို့ သုံးသပ်လို့ရပါတယ်။ သည်အပေါ်မှာ ဗဟိုဘဏ်က မျက်ကွယ်ပြုထားတာတို့၊ နိုင်ငံတော်အစိုးရက မျက်ကွယ်ပြုတာတို့မလုပ်ဖို့ လိုပါတယ်။ လုပ်နိုင်တာကလည်း ဘဏ်တွေပဲရှိတယ်။ တကယ့်လုပ်ငန်းရှင်တွေ လက်ထဲမှာ ပိုက်ဆံမရှိပါဘူး။ ဘဏ်တွေလက်ထဲမှာပဲ ပိုက်ဆံက ရှိပါတယ်။ ဟိုတလောကပဲ အစိုးရက ထုတ်ပေးထားတယ်။ အဲသည်ဒေါ်လာတွေက ဘဏ်တွေကပဲ ရတယ်။ ထုတ်ပေးတဲ့နေ့ ဒေါ်လာဈေးကျတယ်။ ပြီးတော့ ပြန်တက်သွားတာပါပဲ။ ဒေါ်လာဈေးအတက်နှုန်းတွေက သိပ်မြန်လာတယ်။ အရင်ခေတ်အဆက်ဆက်က တက်တဲ့နှုန်းတွေက သည်လိုမှမမြန်ပါဘူး။

ဒေါ်လာအနေနဲ့ ဈေးကွက်မှာ အရင်ကသည်လောက် ဝယ်လိုအားမရှိခဲ့ပါဘူး။ အပြင်မှာရှိတဲ့ သူက ဒေါ်လာကို ဝယ်နိုင်ရင် အများဆုံးငါးသိန်း တစ်သန်း သည်လောက်ပါပဲ။ ဘဏ်တွေက ဝယ်ရင် သန်းဆယ်ချီဝယ်နိုင်တဲ့အခါ လေးငါးဘဏ်စုလိုက်တာနဲ့ သန်းတစ်ရာလောက် ပျောက်သွားတယ်။ တာဝန်ရှိသူတွေရော ဗဟိုဘဏ်ကရော ဘဏ်တွေရော ညှိနှိုင်းကြရမှာပါ။ နောက်တစ်ချက်က စီးပွားရေးအခွင့်အလမ်းတွေ မကောင်းတဲ့အခါရှိတဲ့ ပိုက်ဆံလေးကို တိုးပွားချင်တော့ ဒေါ်လာဈေးကစားတဲ့အပေါ်ဝင်ကစားလို့ရတာကို စီးပွားရေးလုပ်တဲ့သူကလည်း မြင်လာတယ်။ တစ်နှစ်အလုပ်လုပ်တာ မကိုက်ဘူး။ ဒါကတော့ ကိုက်တယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ အတက်ဘက်ကို ဆွဲတင်လိုက်တဲ့အခါ တက်ဦးမယ်။ တက်ဦးမယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့အကျင့်က ဝိုင်းဝယ်ကြတော့တာပါပဲ။ ကျပြီဟေ့ဆိုရင် မဝယ်ကြတော့ပါဘူး။ ဒေါ်လာဈေးတက်နေတဲ့အချိန် ဆက်တက်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝိုင်းဝယ်ကြတော့ အမြင့်ဆုံးကို ဆွဲတင်သလို ဖြစ်လာပါတယ်။

ဗဟိုဘဏ်ရယ်၊ စီမံဘဏ္ဍာရယ်၊ ဘဏ်များအသင်းရယ်၊ ငွေကြေးဈေးကွက် ကစားနေသူတွေရယ်၊ သမာသမတ်ကျတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရယ်၊ အစိုးရရယ် စားပွဲပေါ်မှာ ညှိနှိုင်းရင် အဖြေတစ်ခုတော့ ထွက်လာစရာရှိပါတယ်။ သည်အတိုင်း ထားလိုက်ရင်တော့ အမေရိကန်တစ်ဒေါ်လာကို ၂ဝဝဝ ကျပ်မကလည်း ဖြစ်သွားနိုင်ပါ တယ်။ အဓိကအခြေခံလူတန်းစားနဲ့ လယ်သမားတွေ ပါဝင်တဲ့ အများစုဒုက္ခရောက်မှာပါ။

ဘယ်လုပ်ငန်းတွေ ရပ်မလဲ
****************
အကယ်၍သာ အမေရိကန်တစ်ဒေါ်လာ ကျပ် ၂ဝဝဝ ကျော်သွားခဲ့ရင် ပြည်ပသွင်းကုန်ကို မှီခိုနေတဲ့ လုပ်ငန်းတွေ အကုန်ရပ်တန့်သွားနိုင်ပါတယ်။ သည်မှာ ထုတ်လုပ်တာတွေက ဈေးကြီးနေပြီး ဟိုကထုတ်လုပ်တာက ဈေးပေါနေရင်တော့ သည်မှာ မထုတ်လုပ်ကြတော့ဘဲ ဟိုကပဲ လာတော့မှာပါ။ သွင်းကုန်အစားထိုးတဲ့ စက်ရုံတွေ အကုန်ရပ်သွားနိုင်တယ်လို့ အထည်ချုပ် လုပ်ငန်းရှင်က ပြောတယ်။

အဲသည်တော့ ဝယ်စားတဲ့ တိုင်းပြည်ဖြစ်သွားနိုင်ပါတယ်။ စင်ကာပူလို နိုင်ငံမျိုးက ဝယ်စားတဲ့တိုင်းပြည်ဆိုပေမဲ့ သူကချမ်းသာတယ်။ ဆင်းရဲတဲ့နိုင်ငံက ဝယ်စားနေရရင် ဘယ်နှနှစ် ဝယ်စားနိုင်မလဲဆိုတာ ပြန်တွက်ရမှာပါ။ ရှိတဲ့သူအတွက်က ပြဿနာမရှိပေမဲ့ မရှိတဲ့သူတွေကတော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

အထည်ချုပ်
*******
အထည်ချုပ်စက်ရုံတွေကတော့ တိုက်ရိုက် အော်ဒါတွေရအောင်လုပ်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ လက်ရှိ ဒေါ်လာဈေးမြင့်တက်နေတာတွေက အထည်ချုပ်စက်ရုံတွေနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။ ရာသီအချိန်ကာလနဲ့ပဲ သက်ဆိုင်ပါတယ်။ သည်အချိန်တွေက အော်ဒါပါးတဲ့အချိန် ဖြစ်နေပါတယ်။ သည်လုပ်ငန်းက ရာသီပေါ်မူတည်ပြီး အပြောင်းအလဲတွေဖြစ်နေတဲ့အတွက် ရုံသေးသေးလေးတွေ ဒုက္ခရောက်တဲ့အချိန်ဖြစ်နေတယ်။ ရှေ့လလောက်ဆိုရင်တော့ ပြန်အဆင်ပြေသွားနိုင်တယ်လို့ သိရပါတယ်။ တိုက်ရိုက်အော်ဒါရဖို့ဆိုရင် အိုင်အက်စ်အိုလက်မှတ်လိုမျိုး လက်မှတ်တွေရအောင် စစ်ဆေးရေးတွေ အများကြီး ခေါ်လုပ်ရပါတယ်။ အဲသည်လက်မှတ်တွေယူထားတဲ့သူက သူတို့ဝက်ဘ်ဆိုက်ထဲ တန်းဝင်သွားတယ်။ အဲသည်အခါ အော်ဒါပေးတဲ့သူက တိုက်ရိုက်လာတယ်။ ကြားတစ်ဆင့်မရှိတော့ဘူး။ ဖြစ်နိုင်ရင် ဒါတွေ အကုန်လုပ်ပေးသင့်ပါတယ်။ သည်က အထည်ချုပ်စက်ရုံတွေအနေနဲ့ တိုက်ရိုက်အော်ဒါရတယ်ဆိုရင်တောင် အက်ဖ်အိုဘီလုပ်တဲ့လူတွေထက်စာရင် အလုပ်သမားသာသာပဲ ရှိပါသေးတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်က ဆိုတယ်။

သူက “ကျွန်တော်တို့ဆီမှာ ဒီလုပ်ငန်းလုပ်လာတာနှစ်၃၀ နီးနီးရှိလာပြီ၊ ဒါကို အပ်ဂရိတ် ထပ်လုပ်ရတော့မှာပါ၊ အစအဆုံး ကိုယ့်တိုင်းပြည်မှာ ရှိအောင်လုပ်ရတော့မှာပါ၊ ဝါစိုက်မှ ပိတ်ရက်လို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး၊ တရုတ်ပြည်မှာ ဝါမစိုက်ပါဘူး၊ ဒါပေမဲ့ ကနေဒါ၊ အမေရိကန်ကနေမှာပါတယ်၊ မှာပြီး ချည်ထုတ်တယ်၊ ပိတ်ရက်တယ်၊ ဒီမှာအထည်ချုပ်စက်ရုံတွေ တ အား အောင်မြင်နေတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ သူများခိုင်းတာပဲ လုပ်နေရတဲ့အဆင့် ဖြစ်နေတယ်၊ ကိုယ့်ခြေကိုယ့်လက်နဲ့ ဘာမှမလုပ်နိုင်သေးဘူး၊ ဒါကလဲအထည်ချုပ်လုပ်ငန်းကို ဥပမာပေးပြီး ပြောတာ၊ နိုင်ငံမှာ ကိုယ့်ခြေကိုယ့်လက် နဲ့ ထုတ်လုပ်တဲ့ပြည်ပပို့ ကုန်တွေ များများထုတ်လုပ်နိုင်ပြီး အမေရိကန်ဒေါ်လာ များများဝင်လာစေဖို့ ရည်မှန်းချက်ထားအကောင်အထည် ဖော်တဲ့ဆီကို သွားရပါမယ်၊ ဒါမှလဲ ကိုယ့်ရဲ့ မြန်မာငွေကြေးတန်ဖိုးမြင့်လာပြီး အခုကြုံတွေ့နေတဲ့ ဒေါ်လာဈေး အဆမတန်မြင့်တက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းလာနိုင်မယ်”လို့ ဆက်ပြောပါတယ်။

(ဥပမာ) အထည်ချုပ်စက်ရုံက လိုအပ်တဲ့ ကြယ်သီးစက်ရုံထူထောင်ရင် မြေ ပေ ၄၀ x ပေ ၆၀ နဲ့ရတယ်။ အပ်ချည်လုံးထုတ်တဲ့စက်ရုံဆိုရင်လည်း ပေ ၄၀ x ပေ ၆၀ မြေရှိရင် လုပ်လို့ရပါတယ်။ ဒါတွေကို အားပေးရမှာပါ။ အထည်ချုပ်စက်ရုံတွေကနေ ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ သည်ပစ္စည်းတွေရောက်လာနိုင်မှ အောင်မြင်တယ်လို့ပြောလို့ရပါမယ်။ အပ်ချည်ကအစ အပ်အဆုံး ပြည်ပကတင်သွင်းနေရရင်တော့ အထည်ချုပ်လုပ်ငန်းကြီး အောင်မြင်တယ်လို့ ပြောလို့မရဘူးဆိုတာ သိထားဖို့တော့ လိုအပ်ပါတယ်။

လုပ်ငန်းသေးသေးလေးတွေက ကြီးအောင်လုပ်ကြရပါမယ်။ ကြီးတဲ့သူတွေက အက်ဖ်အိုဘီဖြစ်အောင် လုပ်ရပါမယ်။ အထည်ချုပ်လုပ်ငန်းက တရုတ်ပြည်မှာ အခက်အခဲဖြစ်နေပြီ။ ဒါကို ယူနိုင်လို့ရှိရင် စင်တာကြီးတစ်ခုလုံး သည်ကိုရောက်လာမယ်။ တ ရုတ်အခက်၊ ဗမာအချက်ပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းတွေ သန်းချီပြီး ရသွားနိုင်ပါတယ်။ အပြင်မှာ သွားလုပ်ရတဲ့လုပ်သား လေးငါးခြောက်သန်းကို ပြန်ခေါ်ပြီး အလုပ်ပေးနိုင်ပါတယ်။ ကျန်တဲ့ သွင်းကုန်အစားထိုးလုပ်ငန်းတွေကိုလည်း အား ပေးပြီး နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းအထက်ရရှိဖို့ ရေရှည်စီမံကိန်းတွေနဲ့ ဆောင်ရွက်ရမှာဖြစ်သလို ရေတိုဖြေရှင်းနိုင်ဖို့ ငွေကြေးကျွမ်းကျင်သူတွေကို အစိုးရက ဦးဆောင်ပြီး စားပွဲဝိုင်း ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အမြန်အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်အချို့က သုံးသပ်ပါတယ်။

kumudra

Local News Read 964 times