မြန်မာနိုင်ငံမှ လယ်သမားတစ်ဦး စပါးစိုက်ပျိုးတာမှာ ရရှိတဲ့ အသားတင်အမြတ်ဟာ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အနည်းဆုံး ဖြစ်နေတယ်လို့ ကမ႓ာ့ဘဏ်ရဲ့ ၂၀၁၃-၁၄ ကိန်းဂဏန်းစာရင်းအင်းများအရ သိကြရတယ်။
မုတ်သုန်ရာသီဖြစ်တဲ့ မိုးစပါး စိုက်ပျိုးတာမှာ တစ်ဟက်တာကို အမေရိကန်ဒေါ်လာ ၂၂၄ ပျမ်းမျှအားဖြင့် ရရှိတယ်။
တစ်ဟက်တာဟာ အကြမ်းအားဖြင့် နှစ်ဧကခွဲနီးပါး ရှိပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံမှ လယ်သမားနဲ့ နှိုင်းယှဉ်ရင် ၁၀ ဆ ပိုနည်းနေတယ်။
လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ လိုအပ်နေတာ ထင်ရှားပါတယ်။
World Bank Group ရဲ့ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုုပ်နှံမှု လက်တံတစ်ခုဖြစ်တဲ့ International Finance Corporation (IFC) ဟာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံပေးပြီး ကူညီဖို့ ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍဟာ ဂျီဒီပီရဲ့ ၃၈ ရာခိုင်နှုန်းကို ကျေးဇူးပြုနေပြီး လုပ်သားအင်အားစုရဲ့ ၆၀ ရာခိုင်နှုန်းကျော် လုပ်ကိုင်လျက်ရှိတဲ့ကဏ္ဍဖြစ်ပေမဲ့ အောက်ကျနောက်ကျ ဖြစ်နေဆဲ။
သို့ဖြစ်ရာ မြှင့်တင်ပေးနိုင်ရန် အိုင်အက်ဖ်စီမှ စိုက်ပျိုးရေးနှင့် လယ်ယာခြံမြေထွက် ထုတ်ကုန်များကို စားသောက်ကုန်အဖြစ် ပြုပြင်မွမ်းမံ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ အရင်းအနှီးထည့်ဝင်ပေးဖို့ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်လျက် ရှိတာကို တွေ့ရပါတယ်။
စီမံအုပ်ချုပ်ပုံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း၊ လူမှုရေးဆိုင်ရာ စွမ်းဆောင်မှု၊ ငွေရေးကြေးရေးတို့မှာ စည်းကမ်းတကျ၊ နည်းလမ်းတကျဖြင့် ကောင်းမွန်စွာ လုပ်ကိုင်တဲ့ လုပ်ငန်းမျိုးနဲ့ အိုင်အက်ဖ်စီက လက်တွဲလုပ်ကိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အိုင်အက်ဖ်စီဟာ ပုဂ္ဂလိကကုမ္ပဏီများမှာသာ အခုလို အရင်းအနှီးထည့်ဝင်တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးကဏ္ဍအတွက် ကြီးကြီးမားမားအနေဖြင့် Myanma Awba Group Company Ltd မှာ အမေရိကန်ဒေါ်လာ ၁၀ သန်း၊ Maha Agriculture Public Company မှာ အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ထည့်ဝင်ပေးထားပါတယ်။
လည်ဆည်ဝန်ကြီးဌာနနဲ့လည်း သဘောတူညီချက် လက်မှတ်ရေးထိုးထားပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး စတာတွေ သုံးစွဲကြတာမှာ ဘေးကင်းတဲ့ စိုက်ပျိုးရေးထွက်ကုန် ဖြစ်စေဖို့၊ မျိုးကောင်းမျိုးသန့်jဖြစ်ဖို့၊ အထွက်တိုးဖို့ အစရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက် ထားရှိပါတယ်လို့ သိရပါတယ်။
IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုများမှာ Oway Group မှာ ကန်ဒေါ်လာ ၂ သန်း၊ Amata Hotel Group မှာ ကန်ဒေါ်လာ ၈.၅ သန်း၊ Myanma Awba Group မှာ ကန်ဒေါ်လာ ၁၀ သန်း၊ အသေးစားငွေချေးလုပ်ငန်း သုံးခုမှာ ကန်ဒေါ်လာ ၁၃.၅ သန်းတို့ ပါ၀င်ပါတယ်။
ဆက်သွယ်ရေး အခြေခံအဆောက်အအုံလုပ်ငန်းဖြစ်တဲ့ Irrawaddy Green Towers (IGT) မှာလည်း ကန်ဒေါ်လာ ၉၅ သန်း ကို ၂၀၁၇ ခုနှစ် ဇွန်လမှာ ထည့်ဝင်ခဲ့ပါတယ်။