IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အစီရင်ခံစာတွင် စက်မှုထုတ်လုပ်မှု ဆက်လက် နာလန်ထူသည်ကို သြဂုတ်လတွင် မြင်တွေ့ရကြောင်း ဖော်ပြထားသည်။
အဓိက တွေ့ရှိချက် (၃)ချက်
ဒေတာကောက်ယူစုစည်းခြင်း
ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်။
မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ လက်ရှိနှစ် အစောပိုင်းလများတွင် ကိုရိုနာဗိုင်းရပ်ရောဂါ ၂၀၁၉ (COVID-19) ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ရန် ချမှတ်ခဲ့သည့် လော့ဒေါင်းကြောင့် ပြင်းထန်စွာ ကျဆင်းခဲ့သည့် နောက်ပိုင်းမှာ သြဂုတ်လတွင် ပို၍အခိုင်အမာနာလန်ထူလာနေကြောင်း IHS Markit ၏ နောက်ဆုံး PMI™ စစ်တမ်းဒေတာမှ အချက်ပြနေသည်။
ထုတ်လုပ်မှု၏ လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit မြန်မာ့ထုတ်လုပ်ရေး Purchasing Managers’ Index (PMI) မှာ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ တိုးတက်မှု အားကောင်းလာခဲ့ပြီး ဇန်နဝါရီလမှစ၍ အလုပ်နေရာများ ပထမဆုံးအကြိမ် တိုးလာခဲ့မှုကြောင့် ၂၀၁၉ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်ပါသည်။
ထုတ်လုပ်သူတို့သည်လည်း ထည့်ကုန် ဈေးနှုန်းများ ကျဆင်းလာမှုကို အခွင့်ကောင်းယူပြီး ဝယ်လိုအားကို အားပေးရန် မိမိတို့၏ ရောင်းဈေးများကို ဆက်လက်လျှော့ချပေးခဲ့ကြသည်။ ၁၂-လ အတွက် အနာဂတ် မျှော်မှန်းချက်မှာ အားနည်းလျက် ရှိနေသေးရာ အကောင်းမြင်မှု လျော့နည်းသွားသည်။
PMI အညွှန်းသည် ဇူလိုင်၏ ၅၁.၇ မှ သြဂုတ်လတွင် ၁၅-လအတွင်း အမြင့်ဆုံး ၅၃.၂ သို့ မြင့်တက်သွားသည်။ ယင်းမှာ စစ်တမ်း သမိုင်းထဲတွင် ပဉ္စမ အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ခဲ့ပြီး လုပ်ကိုင်မှု အခြေအနေများ အခိုင်အမာတိုးတက်လာမှုကို အချက်ပြနေသည်။
ဇူလိုင်လ မတိုင်မီက အခြေအနေများ ငါးလဆက်တိုက် ဆုတ်ယုတ်လာခဲ့ပြီး PMI အညွှန်းသည် ဗိုင်းရပ်စ် ရောဂါကို ထိန်းချုပ်ရန် လော့ဒေါင်း အပြင်းထန်ဆုံး ဖြစ်ခဲ့သော ဧပြီလတွင် စံချိန်တင် အနိမ့်ဆုံး ၂၉.၀ သို့ နိမ့်ဆင်းသွားခဲ့သည်။ သို့သော်လည်း အဓိက အကျဆုံး အညွှန်း ၁.၅ မြင့်တက်လာခဲ့မှုမှာ လေးလတွင်း အနည်းဆုံး တိုးတက်မှုဖြစ်သည်။
PMI ထဲ ပါဝင်သည့် အစိတ်အပိုင်း ငါးခုအနက် လေးခုက သြဂုတ်လဆိုင်ရာ အဓိက အကျဆုံးအညွှန်းကို အပြုသဘော အကျိုးသက်ရောက်ခဲ့ကြသည်။ အလုပ်နေရာများနှင့် ထုတ်လုပ်မှုက အများဆုံး (+ဝ.၇ နှင့် +ဝ.၆ အသီးသီး) ပံ့ပိုးပေးခဲ့ကြပြီး သိုလှောင်ထားသည့် ဝယ်ကုန်များစာရင်း (+ဝ.၃) နှင့် အော်ဒါ အသစ်များ (+ဝ.၁) လည်း ပံ့ပိုးခဲ့ကြသည်။
ပဉ္စမ အစိတ်အပိုင်းဖြစ်သော ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များက PMI အညွှန်းကို (-ဝ.၂) အောက်သို့ ဆွဲချခဲ့သည်။ ပစ္စည်းပေးသွင်းမှု လုပ်နိုင်စွမ်းမှာ သြဂုတ်လတွင် တိုးတက်လာခဲ့သော်လည်း PMI တွက်ချက်ရာမှာ ပြောင်းပြန် သက်ရောက်မှု ရှိပါသည်။ အော်ဒါ အသစ်များ၏ ပမာဏမှာ သြဂုတ်လတွင် ဒုတိယမြောက်လအဖြစ် ဆက်တိုက် အားကောင်းစွာမြင့်တက်လာခဲ့သည်။ မြင့်တက်မှုနှုန်းမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှစပြီး အမြင့်ဆုံးဖြစ်ခဲ့သော်လည်း ဇူလိုင်လ၏ အရှိန်ထက် မသိမသာမျှသာ မြင့်ပါသည်။
ပုံမှန်ဈေးဝယ်သူတို့က အော်ဒါများကို ပြန်လည်မှာယူလာကြကြောင်း ကုမ္ပဏီများက အစီရင်ခံခဲ့ကြသည်။ အလုပ်သစ်များ ပိုပြီး ရရှိလာမှုမှာ စီးပွားရေး လုပ်ငန်းများ ပြန်ဖွင့်ပေးနေခြင်းနှင့်ပါ ဆက်စပ်နေပါသည်။
အလုပ်သစ် အော်ဒါများ တိုးရလာမှုကို ဖြည့်ဆည်းပေးရန် သြဂုတ်လတွင် စက်ရုံများက ကုန်ထုတ်စွမ်းအားကို တိုးချဲ့ခဲ့ကြရာ ထုတ်လုပ်မှု ဆက်လက် တိုးတက်လာခဲ့သည်။ ထုတ်လုပ်မှု တိုးတက်မှု နှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလမှစပြီး အားအကောင်းဆုံး ဖြစ်ခဲ့ပြီး စစ်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး ဒုတိယ အများဆုံး စံချိန်ကို တင်နိုင်ခဲ့သည်။
ထုတ်လုပ်မှုမှာ လုပ်ငန်းသစ်များ ရရှိမှု နှုန်းထက် ပိုမြင့်မားစွာ တိုးလာခဲ့ရာ ယခုလထဲတွင် လက်ကျန် အလုပ်စာရင်းများ ကျဆင်းမှု မသိမသာ မြန်လာခဲ့သည်။ သို့သော်လည်း ၁၂-လ အတွက် အနာဂတ် မျှော်မှန်းချက်မှာ အားနည်းလျက် ရှိနေခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်း ကာလအတွင်း စက်ရုံများ၏ လုပ်ငန်းများကို ရပ်စဲပစ်ခဲ့ရပြီး ဝယ်လိုအား လုံးဝကျသွားသောကြောင့် အလုပ်နေရာများ ဖြတ်တောက်ခံခဲ့ရသည့် ခြောက်လတာကာလ နောက်ပိုင်း မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများမှ အလုပ်နေရာများသည် သြဂုတ်လမှာ တိုးလာခဲ့သည်။
ကုမ္ပဏီများက အော်ဒါသစ်များကို ထုတ်လုပ်ရန် ဝန်ထမ်းများကို တိုးပြီး ငှားရမ်းခဲ့ရခြင်းနှင့် လော့ဒေါင်းအတွင်း မိမိတို့ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြသည့် အလုပ်သမားများ ပြန်လာခဲ့ကြကြောင်း အစီရင်ခံကြသည်။ သို့သော်လည်း ခြုံပြောရလျှင် အလုပ်နေရာသစ် တိုးခန့်မှုမှာ အားနည်းခဲ့သည်။
အော်ဒါသစ်များ ပို၍တိုးလာသည့်တိုင် ကုမ္ပဏီများက ကုန်စည်များ ဝယ်ယူ သိုလှောင်မှုကို ဆက်လက်လျှော့ချလာခဲ့ကြရာ ထည့်ကုန် ဝယ်ယူရေး လုပ်ငန်းများ သြဂုတ်လတွင် ဆက်ပြီး ကျဆင်းလာခဲ့သည်။ သို့သော်လည်း ယင်းကိစ္စ နှစ်ခုစလုံးတွင် ကျဆင်းမှု နှုန်းမှာ နှေးလာခဲ့သည်။
ထည့်ကုန်များအတွက် ဝယ်လိုအား အဘက်ဘက်မှ ကျဆင်းလာမှုကြောင့် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ပိုမြန်လာခဲ့ရာ စစ်တမ်း သမိုင်းထဲတွင် တတိယအကြိမ် ထိုသို့ တွေ့မြင်ရခြင်း ဖြစ်ပါသည်။
ထည့်ကုန်များ၏ ပျမ်းမျှ ဈေးနှုန်းများမှာ လေးလ ဆက်တိုက်ကျဆင်းလာခဲ့ခြင်းကြောင့် ကုမ္ပဏီများက ရောင်းအားကို မြှင့်တင်ရန် ရောင်းဈေးများကို ထပ်မံပြီး လျှော့ချပေးခဲ့ကြသည်။
သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေး ညွှန်ကြားရေးမှူး Trevor Balchin ပြောကြားသွားသည်မှာ-
"ဧပြီလ၏ စံချိန်တင် အနိမ့်ဆုံးမှနေပြီး PMI ဆက်လက် မြင့်တက်လာမှုက စီးပွားရေးလုပ်ငန်းများ သြဂုတ်လတွင် ဆက်ပြီး ဖွင့်လာနေကြ၍ ထုတ်လုပ်ရေးကဏ္ဍရှိ လုပ်ငန်းအခြေအနေများ နာလန်ထူလာမှု၏ နောက်ထပ်အထောက်အထား ဖြစ်ပါသည်။
ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ပိုမြင့်သည့် နှုန်းဖြင့် မြင့်တက်လာခဲ့ကြပြီး ထုတ်လုပ်မှု၏ တိုးတက်မှု နှုန်းမှာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ဒုတိယ အမြင့်ဆုံး ဖြစ်ခဲ့သည်။
“အလုပ်နေရာဆိုင်ရာ အစိတ်အပိုင်းမှာ PMI အညွှန်းကို နှစ်လဆက်တိုက် အထက်သို့ အများဆုံး မြှင့်ပေးခဲ့သည့် အပိုင်းဖြစ်ခဲ့ပြီး၊ သက်ဆိုင်ရာ အညွှန်းက ၅၀.၀ အထက်သို့ တက်လှမ်းနိုင်မှုမှာ ဇန်နဝါရီလမှစပြီး ပထမအကြိမ် ဖြစ်ခဲ့သည်။
ကုမ္ပဏီများက လော့ဒေါင်းအတွင်း မိမိတို့ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြသည့် အလုပ်သမားများ ပြန်လာနေကြကြောင်း အစီရင်ခံကြသည်။
“အနာဂတ် ၁၂-လ အတွက် မျှော်မှန်းချက်မှာ အားနည်းလျက်ရှိနေရာ ဝယ်လိုအား အရှိန်ကျမှုကို တစ်စိတ်တစ်ဒေသအားဖြင့် ထင်ဟပ်နေသည်။ အော်ဒါ အသစ်များ၏ အညွှန်းမှာ ဇူလိုင်လထက် ဒသမဂဏန်းမျှ မြင့်လာခဲ့ပြီး ထုတ်လုပ်မှု အညွှန်းနှင့် ယှဉ်ကြည့်လျှင် တစ်နှစ်တွင်း အများဆုံး အားနည်းနေပါသည်။
တွက်ချက်နည်း
IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-
၁။ အော်ဒါသစ်များ (၃၀%)၊
၂။ ထုတ်လုပ်မှု (၂၅%)၊
၃။ အလုပ်နေရာ (၂၀%)၊
၄။ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
၅။ သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။
PMIကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။
PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။
နောက်ထပ် လေ့လာလိုပါက hsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။
IHS Markit အကြောင်း
IHS Markit သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။
ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။
IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။ IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။
By Myanmar Industry Guide
REF:Internet