ထုတ်လုပ်ရေး လုပ်ငန်း အခြေအနေများ အောက်တိုဘာလတွင် ဆုတ်ယုတ်လာ


04 November, 2020

စက်ရုံများ ဆက်ပိတ်ထားရသည့်ကြားမှာ ထုတ်လုပ်ရေး လုပ်ငန်း အခြေအနေများ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင်  ဆုတ်ယုတ်လာသည်ဟု IHS Markit :မြန်မာ ထုတ်လုပ်မှု PMI™တွင် ဖော်ပြထားသည်။

 

အဓိက တွေ့ရှိချက်များ

PMI မှာ မှတ်တမ်းထဲတွင် ဒုတိယ အနိမ့်ဆုံး ၃၀.၆ သို့ ကျဆင်းသွားခြင်း


ထုတ်လုပ်မှု၊ အော်ဒါ အသစ်များနှင့် ထည့်ကုန်ဝယ်ယူမှု အညွှန်းများမှာ


အောက်တိုဘာတွင် စံချိန်တင် ကျဆင်းသွားခြင်း


ထုတ်လုပ်မှု စရိတ်များ ခြောက်လအတွင်း ပထမအကြိမ် မြင့်တက်လာခြင်း


(ဒေတာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂-၂၂ ရက်များတွင် စုစည်းခဲ့သည်)

 

ကိုရိုနာဗိုင်းရပ် ၂၀၁၉ ကပ်ရောဂါ (ကိုဗစ်-၁၉) ကြောင့် စီးပွားရေး ကျဆင်းမှုမှာ ၂၀၂၀ ခုနှစ်၏ စတုတ္ထ သုံးလပတ်ထဲတွင် ဆက်လာခဲ့၍ မြန်မာ ထုတ်လုပ်ရေးကဏ္ဍသည် အောက်တိုဘာလတွင်ထိုးကျမှုကို ထပ်မံ မှတ်တမ်းတင်လိုက်သည်။ 

ကိုဗစ်-၁၉ ဖြစ်ပွားမုှုနှုန်း မြင့်တက်လာမှုကြောင့် ဒေသ အများအပြားတို့မှာ ကန့်သတ်ချက်များ ပိုတင်းကျပ်စွာ ချမှတ်နေရပြီး လုပ်ငန်းများ ပိတ်ထားရ၍ ထုတ်လုပ်မှု၊ အော်ဒါ အသစ်များနှင့် ထည့်ကုန်ဝယ်ယူမှု အားလုံးတို့မှာ စံချိန်တင်နှုန်းများဖြင့် ကျဆင်းလာခဲ့ကြသည်။ 

အလုပ်သမားများက ၎င်းတို့ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြသည့် နောက်မှာ အလုပ်နေရာများ ဆက်လက် ဖြတ်တောက်ခံခဲ့ရပြီး ပစ္စည်းပေးသွင်းမှု အချိန်များမှာ ဒုတိယမြောက်လ ပိုကြာလာခဲ့သည်။ 

တစ်ခုတည်းသော ရလဒ်ကောင်းမှာ လာမည့် ၁၂-လ အတွက် ထုတ်လုပ်ရေး မျှော်မှန်းချက် ဆက်ပြီး အကောင်းမြင်နေဆဲ ဖြစ်ပြီး စက်တင်ဘာလထက် ပိုကောင်းလာခြင်းဖြစ်သည်။

ယင်းအတောအတွင်းမှာ စရိတ်စက ဝန်ထုပ်များမှာ ခြောက်လအတွင်း ပထမအကြိမ် မြင့်တက်လာခဲ့ပြီး ကုမ္ပဏီများက ဈေးလျှော့ရေး မဟာဗျူဟာကို ကျင့်သုံးနေကြရာရောင်းဈေးများမှာမူ ကျဆင်းလာခဲ့သည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit  မြန်မာ့ထုတ်လုပ်ရေး PMI အညွှန်းမှာ စက်တင်ဘာလ၏ ၃၅.၉ မှ အောက်တိုဘာတွင် ၃၀.၆ သို့ ကျဆင်းသွားခဲ့ရာ ထုတ်လုပ်မှု

လုပ်ငန်း အခြေအနေ အရှိန်ဖြင့် ထိုးကျလာမှုကို အချက်ပြနေသည်။ နောက်ဆုံး အညွှန်းမှာ မှတ်တမ်းထဲတွင် ဒုတိယ အနိမ့်ဆုံးဖြစ်ပြီး ဧပြီလ၏ ၂၉.၀ ထက်သာ မြင့်ခဲ့သည်။

PMI ထဲတွင် ၅၅% အထိ အလေးပေး တွက်ရသည့် ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ၏ အညွှန်း နှစ်ခုစလုံးမှာ အောက်တိုဘာတွင် စံချိန်တင် အနိမ့်ဆုံးသို့ ထိုးဆင်းသွားခဲ့သည်။

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းချိန်များမှာ ရှေ့ဆက် ပိုကြာလာခဲ့ရာ (ပစ္စည်းပေးသွင်းချိန် ပိုကြာလာခြင်းက ဝယ်လိုအား မြင့်တက်မှုကို ဆိုလိုသည်) အဓိကအကျဆုံး PMI အညွှန်း၏ ခြုံငုံကျဆင်းမှုကို ညင်သာလာစေခဲ့သည်။ တချိန်တည်းတွင် အလုပ်ဖြတ်တောက်ခံရမှုမှာ ဒုတိယမြောက်လအဖြစ် ရှေ့ဆက်ခဲ့သည်။ 

ငါးခုမြောက် ထည့်သွင်းတွက်ချက်ရသည့် သိုလှောင်ထားသည့် ဝယ်ကုန်များ စာရင်းသည် မှတ်တမ်းတွင် ဒုတိယ အများဆုံးနှုန်းဖြင့် ကျဆင်းခဲ့သည်။

ကုမ္ပဏီ ၇၀% ကျော်တို့က လုပ်ငန်း လုပ်ကိုင်မှုများကို ရပ်တန့်မြဲ ရပ်တန့်ထားရ၍ အောက်တိုဘာလတွင် အော်ဒါအသစ် ရရှိမှု နည်းခဲ့ကြောင်း အစီရင်ခံကြသည်။

ခြုံပြောရလျှင် ကျဆင်းမှု နှုန်းမှာ စက်တင်ဘာလမှစ၍ အရှိန်ရလာပြီး စစ်တမ်း သမိုင်းတစ်လျှောက်တွင် အများဆုံး ဖြစ်ခဲ့သည်။ 

ကိုဗစ်-၁၉ လော့ဒေါင်း အစီအစဉ်များ က်ကျင့်သုံးနေရခြင်းက အဓိက ဒေသများမှာ လုပ်ငန်းများကို ယာယီ ပိတ်လာစေခဲ့သည်။ ဖြေကြားသူ လေးပုံသုံးပုံ နီးပါးက စက်တင်ဘာလမှစပြီး ထုတ်လုပ်မှု ကျဆင်းလာခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။ စက်ရုံများ ပိတ်ထားရ၍ အလုပ်သမားများ မိမိတို့ ဇာတိနေရပ်များသို့ ပြန်သွားကြရရာ ခြုံကြည့်လျှင် အလုပ်ခန့်မှု ပမာဏ ကျဆင်းလာခဲ့သည်။

သို့သော်လည်း အလုပ် ဖြတ်တောက်မှု နှုန်းမှာ ယခင်စစ်တမ်းကာလထက် အားပျော့သွားသည်။

မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူ အများအပြားတို့၏ ထုတ်လုပ်မှု ကျဆင်းသွားသော်လည်းမပြီးဘဲ ကျန်ရစ်ခဲ့သည့် လုပ်ငန်း ပမာဏမှာ ခြုံပြောရလျှင် အောက်တိုဘာလတွင် ကျဆင်းလာခဲ့မှုက အော်ဒါ အသစ်များ ထိုးကျမှုကို ထင်ဟပ်နေသည်။ 

ကုန်ချော လက်ကျန်စာရင်းများထဲတွင်ပါ ထိုးကျမှုကို မှတ်တမ်း တင်ခဲ့ကြပြီး သက်ဆိုင်ရာ အညွှန်းမှာ စစ်တမ်းသမိုင်းထဲတွင် တတိယ အနိမ့်ဆုံး ဖြစ်ခဲ့သည်။

အလုပ်သစ်များ စံချိန်တင် ကျဆင်းလာခဲ့မှုနှင့် တပြေးညီ ထုတ်လုပ်သူတို့က ဝယ်ယူမှုအရှိန်ကို လျှော့ချခဲ့ကြသည်။ ထည့်ကုန် ဝယ်ယူမှု ပမာဏများမှာ မှတ်တမ်းထဲတွင် အများဆုံး နှုန်းဖြင့် ကျဆင်းသွားပြီး ဝယ်ယူထားသည့် သိုလှောင်ကုန်များမှာ စစ်တမ်း သမိုင်းအတွင်း ပူးတွဲဒုတိယ အများဆုံး နှုန်းဖြင့် ကျဆင်းခဲ့သည်။ မြို့များတွင် ကန့်သတ်မှုများကို ပိုမိုတင်းကျပ်စွာ ချမှတ်လာကြရာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ် ဖိအားပေးမှု တိုးလာခဲ့ပြီး ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်နိုင်စွမ်းမှာ ဒုတိယမြောက်လအဖြစ် ဆက်တိုက်ဆုတ်ယုတ်လာခဲ့သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် စရိတ်စက ဝန်ထုပ်များ အသင့်အတင့် မြင့်တက်လာခဲ့မှုနှင့်အတူ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများပါ တိုးလာခဲ့သည်။ 

ရောင်းရမှုကို မြှင့်ပေးရန် စက်ရုံ ရောင်းဈေးများကို ဆက်ပြီး လျှော့ချပေးခဲ့ကြသည်။

အနာဂတ်ဆီကို မျှော်ကြည့်လျှင် ကုမ္ပဏီများက လာမည့် တစ်နှစ်တွင် ထုတ်လုပ်မှု တိုးလာမည်ကို မျှော်လင့်နေကြ၍ မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ အကြားမှာ လုပ်ငန်းဆိုင်ရာ အမြင်သည် အပြုသဘော ဆောင်နေဆဲဖြစ်သည်။ 

သို့သော်လည်း ကပ်ရောဂါ ဆက်ပျံ့နံှ့နေခြင်းက အပြုသဘော အမြင်အပေါ်သို့ ဖိစီးနေ၍ သမိုင်းစဉ်နှင့် ဆက်စပ်ကြည့်လျှင် အားနည်းနေဆဲဖြစ်သည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသွားသည်မှာ-

"အောက်တိုဘာ စစ်တမ်း ဒေတာက မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ နောက်ထပ်သိသာစွာ ကျဆင်းလာမှုကို ညွှန်ပြနေသည်။ PMI မှာစက်တင်ဘာလ၏ ငါးလအတွင်း အနိမ့်ဆုံးနေရာမှ ၃၀.၆ သို့ ထိုးကျသွားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါများ တိုးပြီး ကူးစက်လာမှုကြောင့် မြို့များနှင့် ခရီးသွား ဒေသများမှာ ကန့်သတ်မှုများကို ပိုမိုတင်းကျပ်စွာ ချမှတ်လာရ၍ လည်ပတ်ဆဲ လုပ်ငန်းများကို ပိတ်ချခဲ့ရရာ ဝယ်လိုအား ကျသွားသည်။

"ထုတ်လုပ်မှု၊ အလုပ်သစ်များနှင့် ကုန်စည်များ ဝယ်ယူမှု အားလုံးတို့မှာ စံချိန်တင် အများဆုံး နှုန်းများဖြင့် ကျဆင်းလာခဲ့ရာ ကဏ္ဍထဲတွင် အလုပ်နေရာ ဖြတ်တောက်မှုများ ဆက်ရှိခဲ့သည်။

"ကမ္ဘာ့စီးပွားရေး လုပ်ငန်းများမှာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဒဏ်ကို ဆက်လက်ခံစားနေရပြီး ဤသည်မှာ ဒုတိယလှိုင်း၏ အစဖြစ်နိုင်ပြီး မြန်မာနိုင်ငံတွင် ကန့်သတ်ချက်များ ဆက်လက်ရှိလာပါက ပို၍ပြင်းထန်စွာ ကျဆင်းလာနိုင်ပါသည်။

လတ်တလောတွင် နိုင်ငံအနေဖြင့် ဒုတိယလှိုင်း၏ ရိုက်ခတ်မှုကို ကြုံတွေ့နေရ၍ အဆိုးမြင် လက္ခဏာများ ပေါ်လာခဲ့သော်လည်း ထုတ်လုပ်သူတို့၏ မျှော်လင့်ချက်များ ကောင်းနေကြဆဲဖြစ်သည်။”

 

Local News Read 369 times