IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ဇူလိုင်လ ၂၀၂၁ ခုနှစ်


02 August, 2021

ကိုဗစ်-၁၉ ကူးစက်မှုများ အရှိန်မြင့်လာခြင်းက စက်ရုံများကို ပိတ်လာစေပြီး ဇူလိုင်လတွင် ပြည်တွင်း ဝယ်လိုအားကို နှိမ့်ချလိုက်သည်။

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ပမာဏများမှာ တဟုန်ထိုး အရှိန်ရ ကျဆင်းလာခဲ့ခြင်း
  • အလုပ်သမား ဦးရေမှာ ဆယ့်တစ်လဆက်တိုက် ကျဆင်းသွားခြင်း
  • ရောင်းဈေးနှင့် ကုန်ကျစရိတ် နှစ်ခုစလုံး၏ ငွေကြေးဖောင်းပွမှုမှာ အသင့်အတင့်ဖြစ်ခဲ့သော်လည်း အားကောင်းလျက် ရှိနေခြင်း


ဒေတာကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂-၂၂ ရက်များတွင် စုစည်းခဲ့သည်။

ဇူလိုင် ဒေတာက မြန်မာနိုင်ငံတွင်း ထုတ်လုပ် ရေးကဏ္ဍ၏ လုပ်ကိုင်မှု အခြေအနေ အထင်အရှား ကျဆင်းမှုကို ဖေါ်ပြနေသည်။ 
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများကြောင့် လုပ်ငန်းများနှင့် စက်ရုံများကို ပိတ်လာခဲ့ရပြီး အလုပ်သမားများမှာ မိမိတို့ ဇာတိဒေသများသို့ ပြန်သွားနေရသည်။
ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ဝယ်ယူမှုများ၊ အလုပ်နေရာများ နှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများ အားလုံးသည် ပိုမြန်သည့် နှုန်းများဖြင့် ကျဆင်းခဲ့ပြီး ကျဆင်းမှုများမှာ စစ်တမ်း သမိုင်းထဲတွင် အများဆုံး ဖြစ်လာသည်။ 
လာမည့် ၁၂ လ အတွင်း တိုးပြီး ထုတ်လုပ်လာနိုင်မည်ဟု ကုမ္ပဏီများက ယုံကြည်မြဲ ယုံကြည်နေကြသော်လည်း အကောင်းမြင်မှု အဆင့်အတန်းမှာ စစ်တမ်း၏ ရေရှည် ပျမ်းမျှနှင့်စာလျှင် သိသာစွာ နိမ့်ကျနေဆဲဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် ကုန်ကျစရိတ်များ၏ ငွေကြေးဖောင်းပွမှုမှာ ဇွန်လတွင် မြင်ခဲ့ရသည်ထက် သိသိသာသာ လျော့နည်းသွားသည့်တိုင်အောင် အားကောင်းခဲ့သည်။ 
ကုန်ကြမ်းရှားပါးမှုများနှင့် ငွေလဲနှုန်း ဈေးကစားမှု အခြေအနေ ပိုမိုဆိုးရွားလာကြောင်း ထင်ရှားနေရာ ဈေးမြှင့်ရောင်းချခြင်းဖြင့် ဈေးဝယ်များထံသို့ လွှဲချခဲ့ကြသည်။
ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဇွန်လ၏ ၄၁.၅ မှ ဇူလိုင်တွင် ၃၃.၅ သို့ ထိုးကျသွားခြင်းမှာ လုပ်ငန်း အခြေအနေများ ဆယ့်တစ်လ ဆက်တိုက် ကျဆင်းမှုကို ညွှန်ပြနေသည်။ ထို့အပြင် ကျဆင်းမှု နှုန်းမှာမူ သုံးလအတွင်း စံချိန်တင် ဖြစ်လာပြီး စစ်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစပြီး အနက်ရှိုင်းဆုံး တစ်ခုဖြစ်သည်။
ပါဝင်ဖြေကြားသူတို့က မကြာခဏ ဆိုသလို ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာခြင်းကြောင့် စက်ရုံများနှင့် လုပ်ငန်းများကို ပိတ်လာရနေကြောင်း အစီရင်ခံကြသည်။ 
သို့ဖြစ်သောကြောင့် ထုတ်လုပ်မှုမှာ မတ်လမှစပြီး အရှိန်ဖြင့် ကျဆင်းလာခဲ့ကာ လက်ရှိ ကျဆင်းမှု အစဉ်ကို ၁၁ လဆက်တိုက်သို့ ဆွဲဆန့်ပေးလိုက်သည်။
ပြည်တွင်းတွင် ဖောက်သည်များဘက်မှ ဝယ်လိုအားမှာ သုံးလပတ်အစတွင် ဆက်အားပျော့နေခဲ့ပြီး အော်ဒါသစ် ပမာဏမှာ သိသာစွာ ကျဆင်းသွားခဲ့သည်။
ဖြေကြားသူတို့က မကြာခဏဆိုသလို ဇူလိုင်လတွင် လုပ်ငန်းများ ပိတ်လာရခြင်းနှင့် ငွေသားပြတ်တောက်မှုများကို ပူးတွဲလျက် ညွှန်ပြခဲ့ကြသည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေခြင်းကြောင့် စက်ရုံများ အလုပ်ရပ်လိုက်ကြရသည့် နောက်မှာ အလုပ်သမားများသည် မိမိတို့ ဇာတိဒေသများသို့ ပြန်သွားနေကြရသည်။ 
ဝန်ထမ်းပမာဏမှာ နောက်ဆုံး ၁၈ လအတွင်း ၁၇ ထဲကျဆင်းသွားခဲ့ပြီး နောက်ဆုံး ကျဆင်းမှုမှာ ထင်ရှားပါသည်။
ဇူလိုင်လတွင် ဝယ်လိုအား ပျော့လာခဲ့သော်လည်း လက်ကျန် အလုပ်များမှာ ကိုးလဆက်တိုက် တိုးလာခဲ့သည်။ မပြီးစီးဘဲ အလုပ်များ ကျန်ရစ်နေခြင်းအတွက် အကြောင်းရင်းများအဖြစ် စစ်တပ်မှ အာဏာသိမ်းမှု၊ ကိုဗစ်-၁၉၊ ကျွမ်းကျင် လုပ်သားများ ရှာဖွေမှု အခက်အခဲနှင့် ကုန်ကြမ်း ရှားပါးမှုများကို ထောက်ပြခဲ့ကြသည်။ 
လက်ကျန် အလုပ်များ စုစည်းလာမှုနှုန်းမှာ အားကောင်းခဲ့ပြီး စစ်တမ်းထဲတွင် ယနေ့အထိ ဒုတိယ အများဆုံးဖြစ်သည်။
ထုတ်လုပ်မှု တောင်းဆိုမှု ကျဆင်းလာခြင်း၊ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စက်ရုံများ ပိတ်လာရခြင်းတို့ကြောင့် ဝယ်ယူရေး လုပ်ငန်းများ အရှိန်ဖြင့် တဟုန်ထိုး ကျဆင်းသွားခဲ့သည်။
ထို့အပြင် သိုလှောင်ထားသည့် ကုန်စည်များကို ပိုကောင်းမွန်စွာ ထိန်းချုပ်ရန် အားထုတ်မှုများအကြားတွင် ယခုလအတွင်းမှာ ထုတ်လုပ်မှု အပြီးနှင့် အကြို ကုန်စည်များ၏ လက်ကျန်စာရင်းများပါ ကျဆင်းသွားခဲ့သည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်း ရှားပါးမှုများနှင့် ဒေါ်လာလဲလှယ်နှုန်းများ ဆိုးရွားလာမှုက ကုန်ကျစရိတ် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုကို သိသိသာသာမြင့်တက်လာစေခဲ့သည်။ 
မြင့်တက်မှု နှုန်းမှာ မေလနှင့် ဇွန်လ၏ မကြာမီက အမြင့်ဆုံးနှင့် စာလျှင် သိသာစွာ အားပျော့လာခဲ့သော်လည်း ရေရှည် ပျမ်းမျှထက် များစွာမှ မြင့်လျက် ရှိနေဆဲဖြစ်သည်။ 
ကုမ္ပဏီများက ၎င်းတို့၏ အမြတ်အစွန်းကို ကာကွယ်သည့်အနေနှင့် ရောင်းဈေးများကို မြှင့်ပေးခဲ့ကြကြောင်း မကြာခဏ ညွှန်ပြကြသည်။
နောက်ဆုံးအနေနှင့် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်မှုမှာ အပြုသဘော နယ်ပယ်တွင် ရှိမြဲရှိနေပြီး လုပ်ငန်းများ တိုးချဲ့ရေး စီမံကိန်းများ ရှိနေ၍ ဇွန်လတွင် မြင်ခဲ့ရသည်ထက် ဒသမဂဏန်းမျှ ပိုကောင်းလာခဲ့သည်။ 
သို့သော်လည်း စစ်တမ်းသမိုင်း၏ ပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် အကောင်းမြင်မှု အဆင့်မှာ အားနည်းပါသည်။

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ရာတွင် IHS Markit မှ စီးပွားရေး ပညာရှင် Shreeya Patel ပြောကြားသွားသည်မှာ-
"၂၀၂၁ ခုနှစ်၏ ဒုတိယနှစ်ဝက်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍထဲက လုပ်ကိုင်မှု အခြေအနေများ တစ်ဟုန်ထိုး ကျဆင်းမှုဖြင့် စတင်ခဲ့သည်။ 
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများက စစ်အာဏာသိမ်းယူမှုကြောင့် ရင်ဆိုင်ခဲ့ရသော ပြင်းထန်သည့် ကျရှုံးမှုများ နောက်ပိုင်း ခြေကုပ်အချို့ကို ပြန်လည်ရယူနိုင်ရုံသာရှိသေးချိန်မှာ ကျဆင်းမှု နယ်ပယ်ထဲသို့
ထိုးချပစ်လိုက်သည်။ 
နောက်ဆုံး စစ်တမ်းလအတွင်းမှာ စက်ရုံများနှင့် လုပ်ငန်းများ ပိတ်နေရခြင်းနှင့် အလုပ်သမားများ မိမိတို့ ဇာတိနေရပ်များသို့ ပြန်သွားနေရခြင်းမှာ အားလုံးက ထောက်ပြနေကြသည့် အကြောင်းအရာ ဖြစ်လာသည်။ ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုများ နိမ့်ကျလာခြင်းနှင့် မရေရာသည့် အနာဂတ်ကြောင့် ကုမ္ပဏီများသည် လက်ကျန်စာရင်းများ တိုးရန်ကို လက်တွန့်လာကြသည်။
ဤအတောအတွင်း ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ မေလနှင့် ဇွန်လ၏ အမြင့်ဆုံးအနေအထားမှ သိသာစွာ ကျဆင်းသွားသော်လည်း စရိတ်စကများ၏ ပြင်းထန်သည့် ဝန်ထုပ်ဝန်ပိုးမှာမူ ဇူလိုင်လတွင် ဆက်ရှိနေခဲ့သည်။ ကျပ်ငွေ-ဒေါ်လာ လဲလှယ်မှုတန်ဖိုးအကျဘက် ဦးတည်ရွေ့လျားနေခြင်းနှင့် ငွေသား ပြတ်တောက်မှုများမှာ အကြီးမားဆုံး အန္တရာယ်များဖြစ်သည်။
မပြီးဘဲ ကျန်ရစ်ခဲ့သည့် အလုပ်စာရင်များ မြင့်တက်လာမှုကို ကြည့်ရခြင်းအားဖြင့်၊ ကုမ္ပဏီများက မိမိလုပ်ငန်းများကို ပြန်စကြမည်ဆိုလျှင် နောက်ဆုံး ကိုးလအတွင်း စုစည်းလာသည့် အော်ဒါများကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိကြမည်ဟု မျှော်လင့်ရနိုင်ခြင်းကို ထောက်ပြပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကိုဗစ်-၁၉ ကူးစက်မှုက မြန်မာနိုင်ငံ၏ စီးပွားရေးကို ထပ်မံလှုပ်ခါပြလိုက်ခြင်းဖြစ်ပြီး နောက်ဆုံး ကူးစက်မှု အရှိန်မြင့်လာမှုမှာ ယခုအကျပ်အတည်း တစ်ခုလုံးအတွင်းမှာ အပြင်းထန်ဆုံး ဖြစ်နေပါသည်။ 
စစ်တပ်မှ အာဏာသိမ်းခဲ့ခြင်းနှင့် ကိုဗစ်-၁၉ တို့ကြောင့် နောက်ထပ်စိန်ခေါ်မှုကာလကို ဖန်တီးပေးမှာ ဖြစ်သော်လည်း ကာကွယ်ဆေးထိုးမှုကို ဦးစားပေး အားထုတ်နိုင်လျှင် အနာဂတ် ရောဂါဖြစ်ပွားမှုများမှ
ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် ဒိုင်းကြီးသဖွယ် ဖြစ်လာပါမည်"

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

အော်ဒါသစ်များ (၃၀%)၊

ထုတ်လုပ်မှု (၂၅%)၊

အလုပ်နေရာ (၂၀%)၊

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်

သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။
 

Industry Reviews Read 332 times