IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အကောင်းမျှော်ခြင်း အနိမ့်ဆုံးသို့ ထိုးဆင်း


01 September, 2021

အကောင်းမြင်စိတ်မှာ စစ်တမ်းအတွင်း အနိမ့်ဆုံးသို့ ထိုးဆင်းသွားပြီး လုပ်ကိုင်မှု အခြေအနေများ ဆက်လက်ဆုတ်ယုတ်လာကြောင်း IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အစီရင်ခံစာမှာ သုံးသပ် တင်ပြထားပါတယ်။ 

အဓိက တွေ့ရှိချက်များ

  • စက်ရုံများ ပိတ်ထားသည့်အကြားတွင် ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ပြင်းထန်စွာ ကျဆင်းသွားခြင်း
  • ထုတ်ကုန် ရောင်းဈေးများနှင့် ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ သုံးလဆက်တိုက် အသင့်အတင့် ရှိခဲ့ခြင်း
  • အကောင်းမြင်စိတ်မှာ ရေရှည်မရေရာမှုအကြားတွင် စစ်တမ်း၏ အနိမ့်ဆုံး အဆင့်သို့ ထိုးကျသွားခြင်း

(ဒေတာကို ၂၀၂၁ ခုနှစ် သြဂုတ် ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်)

သြဂုတ် ဒေတာက မြန်မာနိုင်ငံတွင်း ထုတ်လုပ် ရေး ကဏ္ဍတစ်ဝန်း လုပ်ကိုင်မှု အခြေအနေများ ထပ်ပြီး သိသာစွာ ကျဆင်းလာမှုကို ဖေါ်ပြနေသည်။ ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာနေသည့် အကြားတွင် စက်ရုံများနှင့် လုပ်ငန်းများကို ပိတ်ထားရမှုများက လုပ်ငန်းများကို ဆက်လက်ရိုက်ခတ်နေခြင်းကြောင့် ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာများနှင့် ဝယ်ယူမှုများ အားလုံး ကျဆင်းလာခြင်းကို တွေ့မြင်ရသည်။ 
သို့သော်လည်း တစ်ခုချင်း၏ ကျဆင်းမှုနှုန်းမှာမူ ဇူလိုင်လနှင့်စာလျှင် အားပျော့လာသည်။ 
သို့ဖြစ်စေကာမူ အကောင်းမြင်စိတ်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည့် စစ်တမ်း သမိုင်းထဲတွင် ပထမဦးဆုံး အကြိမ် အနုတ်လက္ခဏာ နယ်မြေထဲသို့ လျှောဆင်းသွားသည်။
နောက် အပြုသဘော မှတ်သားစရာမှာ ဝယ်ကုန်နှင့် ထုတ်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ အသင့်အတင့် ဖြစ်ရေးဆီ ရှေးရှုနေကြောင်း လက္ခဏာများ ဆက်မြင်ရသည်။ 
သို့သော်လည်း မြင့်တက်မှုနှုန်းမှာမူ စစ်တမ်းသမိုင်း ဒေတာနှင့် ယှဉ်ကြည့်လျှင် ပြင်းထန်ခဲ့ပြီး ကုန်ကြမ်းများ ရှားပါးမြဲ ရှားပါးနေပါသည်။
ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းဖြစ်သည့် အဓိက အကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဇူလိုင်လ၏ ၃၃.၅ မှ သြဂုတ်လတွင် ၃၆.၅ သို့ မြင့်တက်သွားခြင်းက ထုတ်လုပ်မှု အခြေအနေများ ဆယ့်နှစ်လ ဆက်တိုက် ကျဆင်းနေခြင်းကို ညွှန်ပြနေသည်။
ကျဆင်းသွားသည့် နှုန်းမှာ ထင်ရှားခဲ့ပြီး ကုမ္ပဏီများ ကိုဗစ်-၁၉ ဒဏ်ကို ခံနေရသည့်အကြား စစ်တမ်း၏ သမိုင်းထဲတွင် အပြင်းထန်ဆုံး တစ်ခုဖြစ်သည်။
စက်ရုံများ ပိတ်ထားရခြင်း၊ ဖောက်သည်များထံမှ ဝယ်လိုအား ပျော့နေခြင်းနှင့် ကျွမ်းကျင်လုပ်သားများ မရှိခြင်းကဲ့သို့သော အချက်များ၏ စုပေါင်းထိုးနှက်မှုကြောင့် ထုတ်လုပ်မှုပမာဏများမှာ ထပ်ပြီး နည်းလာခဲ့ရသည်။ အားလုံးလိုလိုက နောက်ဆုံး ကျဆင်းမှုအတွက် ကူးစက်မြန် ကပ်ရောဂါကို အပြစ်ဖို့ကြသည်။ 
ကျဆင်းမှုနှုန်းမှာ သိသာခဲ့ပြီး ပါဝင်ဖြေကြားသူ ၆၁% ခန့်တို့က ဇူလိုင်နှင့်စာလျှင် သြဂုတ်လတွင် ထုတ်လုပ်မှု ပမာဏများ ကျဆင်းလာကြောင်း အစီရင်ခံခဲ့ကြသည်။
အလားတူစွာ အော်ဒါသစ်များမှာ တဟုန်ထိုး ကျဆင်းသွားပြီး ကုမ္ပဏီများက ရောင်းအား နည်းလာမှုကို ဖောက်သည် လုပ်ငန်းများ ပိတ်ထားရခြင်းနှင့် ပြည်တွင်း ဝယ်လိုအား အခြေအနေအားပျော့ခြင်းတို့ဖြင့် ဆက်စပ်ဖေါ်ပြကြသည်။ ခြုံပြောရလျှင်၊ ကျဆင်းမှု နှုန်းမှာ စစ်တမ်းသမိုင်းထဲတွင် အပြင်းထန်ဆုံး တစ်ခုဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၏ ယခုထိ ပျမ်းမျှထက်အားပျော့ခဲ့ပါသည်။
စက်ရုံများ ပိတ်ထားရခြင်းနှင့် ကပ်ရောဂါကြောင့် အလုပ်သမားများ ၎င်းတို့၏ ဇာတိနေရပ်များသို့ ပြန်သွားရခြင်းကြောင့် အလုပ်နေရာများမှာ သြဂုတ်လတွင် ဆယ့်နှစ်လဆက်တိုက် ကျဆင်းသွားခဲ့သည်။ အော်ဒါသစ်များ ရရှိမှု သိသာစွာ နည်းပါးသွားသည့်တိုင်အောင် မပြီးဘဲ လက်ထဲကျန်ရစ်ခဲ့သည့် အလုပ်များမှာ စစ်တမ်း သမိုင်းထဲတွင် အများဆုံးနှုန်းဖြင့် တိုးလာခဲ့ပြီး ကုမ္ပဏီများက ထိုသို့ လက်ကျန်အလုပ်များ တိုးလာခြင်းကို ကုန်ကြမ်းများနှင့် ကျွမ်းကျင်လုပ်သားများ ရှားပါးမှုဖြင့် ဆက်စပ်ရှင်းပြကြသည်။
ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုဒဏ်ကို ဆက်ရင်ဆိုင်ခဲ့ကြရသော်လည်း လုပ်ငန်း ပြီးဆုံးရန် ကြာမြင့်ချိန်မှာမူ သြဂုတ်လတွင် ဒသမဂဏန်းမျှသာ တိုးလာခဲ့သည်။
ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုများ နိမ့်ကျလာကာ စက်ရုံများ ပိတ်ထားရခြင်းကြောင့် ဝယ်ယူမှု လုပ်ငန်းများ လျော့နည်းလာခဲ့ရပြန်သည်။ ယင်းတချိန်တည်းမှာ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများမှာ တဟုန်ထိုး အရှိန်ရ ကျဆင်းသွားခဲ့သည်။
လက်တွေ့တွင် ထိုကျဆင်းမှု နှုန်းများမှာ စစ်တမ်း သမိုင်းထဲတွင် ဒုတိယနှင့် တတိယ အပြင်းထန်ဆုံး အသီးသီး ဖြစ်ခဲ့ပါသည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကြမ်း ရှားပါးမှုများနှင့် ဒေါ်လာငွေလဲနှုန်း မကောင်းမှုကြောင့် မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့၏ စရိတ်စကများ ပိုမြင့်လာခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်းမှာ ရေရှည် အဆင့်နှင့်စာလျှင် သိသာစွာ မြင့်ခဲ့သော်လည်း သုံးလဆက်တိုက် အားပျော့နေခဲ့ပါသည်။
ကုန်ကျမှု ဝန်ထုပ်ဝန်ပိုးများနှင့်အညီ မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့ တောင်းဆိုကြသည့် ရောင်းဈေးများ မြင့်တက်မှုပါ အားပျော့လာခဲ့သည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုနှုန်းမှာမူ လေးလအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

နောက်ဆုံးအနေဖြင့် ထုတ်လုပ် ရေးကဏ္ဍတစ်ဝန်းက အကောင်းမြင်စိတ်မှာ စစ်တမ်းသမိုင်းတွင် ပထမဦးဆုံး အကြိမ် အနုတ်လက္ခဏာ နယ်ပယ်ထဲသို့ လျှောဆင်းသွားခဲ့သည်။ 
တတိယသုံးလပတ် အလယ်ပိုင်းတွင် ဝယ်လိုအား အခြေအနေ အားပျော့လာကာ စက်ရုံများ ပိတ်ထားရခြင်းနှင့် ကိုဗစ်-၁၉၏ ရေရှည် အကျိုးသက်ရောက်မှုများက မျှော်လင့်ချက်များအပေါ် လေးလံစွာ ဖိစီးခဲ့ကြသည်။

 

 


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ရာတွင် IHS Markit မှ စီးပွားရေး ပညားရှင် Shreeya Patel ပြောကြားသွားသည်မှာ-
"မြန်မာနိုင်ငံ၏ ထုတ်လုပ် ရေး ကဏ္ဍသည် ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းကြောင့်
ပြင်းထန်စွာ ထိုးနှက်ခံနေရပြီး ကျဆင်းမှု နယ်ပယ်ထဲတွင် ရုန်းကန်မြဲ ရုန်းကန်နေရသည်။
လက်ရှိနှစ်၏ ယခုအချိန်အထိ စစ်အာဏာသိမ်းယူမှု၊ ကုန်ကြမ်းများ ရှားပါးမှုနှင့် ကူးစက်မြန်
ကပ်ရောဂါ အားလုံးတို့က ထုတ်လုပ် ရေး ကဏ္ဍအပေါ် ပြင်းထန်စွာ ဖိစီးနေကြသည်။ နောက်ဆုံး
ဒေတာက လာမည့် ၁၂ လ အတွင်းမှာ ထုတ်လုပ်ရေး မျှော်မှန်းချက်များ မှေးမှိန်လာမှုကိုပါ
ညွှန်ပြနေပြီး စစ်တမ်းသမိုင်းတွင် ပထမဦးဆုံးအကြိမ် ကျဆင်းမှု နယ်ပယ်ထဲသို့ ထိုးကျသွားပါသည်။
"အားရစရာ အချက်မှာမူ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ သမိုင်းစဉ်အရ မြင့်မားနေဆဲ
ဖြစ်သော်လည်း၊ တည်ငြိမ်လာမည့် လက္ခဏာများကို တွေ့မြင်ရခြင်းပါ။ ပစ္စည်းပေးသွင်းမှု
ကြာမြင့်ချိန်များပါ ဒသမဂဏန်းမျှ တိုးလာခဲ့ရာ၊ လာမည့် လများအတွင်းမှာ ပြတ်တောက်မှုများ
နည်းလာမှုကို ပြသမှု ဖြစ်နိုင်ပါသည်။
"မည်သို့ပင်ဖြစ်စေ၊ ကူးစက်မြန်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြင်းထန်သည့်
အကျိုးဆက်များကို ရင်ဆိုင်နေရသည်။ အနာဂတ်တွင် ကန့်သတ်ချက်များ နှင့် ဝယ်လိုအား
ဂယက်ရိုက်ခတ်မှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးထိုးပေးရေးမှာ အထူးကို
အရေးကြီးပါသည်။"


တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

အော်ဒါသစ်များ (၃၀%)၊

ထုတ်လုပ်မှု (၂၅%)၊

အလုပ်နေရာ (၂၀%)၊

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်

သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။
 

Industry Reviews Read 313 times