IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ လုပ်ကိုင်မှု အခြေအနေများ ပြီးခဲ့သည့် ဇွန်လတွင် ဆက်လက်ဆုတ်ယုတ်


02 July, 2021

မြန်မာ ထုတ်လုပ်မှု PMI™ လုပ်ကိုင်မှု အခြေအနေများ ပြီးခဲ့သည့် ဇွန်လတွင် ဆက်ပြီး ဆုတ်ယုတ်လာသည်ဟု IHS Markit ၏ လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် ကျဆင်းမှု သိသာလာခြင်း
  • ရောင်းကုန် ဈေးနှုန်းများနှင့် ထုတ်လုပ်မှု စရိတ်များ သိသာစွာ မြင့်တက်လာခြင်း
  • အကောင်းမြင်စိတ်မှာ တိုးတက်လာသော်လည်း သမိုင်းစဉ်အရ အားနည်းနေခြင်း

ဒေတာကို ၂၀၂၁ ပြည့်နှစ် ဇွန်လ ၁၁-၂၂ ရက်များတွင် စုစည်းခဲ့သည်။

ဇွန်လဒေတာက မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှ လုပ်ငန်းအခြေအနေများ ထပ်မံဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။ 

အထွေထွေ ကျဆင်းမှုကို မောင်းနှင်ပေးခဲ့သည်မှာ နိုင်ငံအတွင်း စစ်အာဏာသိမ်းယူမှုကြောင့် ဆက်လက် ရင်ဆိုင်နေရသည့် လုပ်ငန်းရပ်ဆိုင်းမှုများ၏ ရလဒ်အဖြစ် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရှေ့ဆက်ကျဆင်းလာမှုများဖြစ်သည်။ 

စက်ရုံများနှင့် ဖောက်သည်များ၏ လုပ်ငန်းအများအပြားကိုပိတ်မြဲပိတ်ထားကြရရာ အလုပ်နေရာများနှင့် ဝယ်ယူမှုများကို ကျဆင်းလာစေခဲ့သည်။

ဤအတောအတွင်း ဒေါ်လာအတွက် ကျပ်ငွေနှုန်း ကစားမှုများ၊ ကုန်ကြမ်း ရှားပါးမှုများနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုကြောင့် ဈေးနှုန်းများ ဆက်မြင့်တက်လာနေကြောင်း ပါဝင်ဖြေကြားခဲ့ကြသူတို့က မကြာခဏ ထောက်ပြခဲ့ကြသည်။ 

အကောင်းမြင်မှုမှာ မေလ၏ အနိမ့်ဆုံးမှ မသိမသာ ကောင်းလာခဲ့သော်လည်း သမိုင်းစဉ် ပျမ်းမျှနှင့်ဆိုလျှင် အားနည်းနေဆဲဖြစ်သည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI အညွှန်းမှာ မေလ၏ ၃၉.၇ မှ ဇွန်လတွင် ၄၁.၅ သို့ မြင့်တက်လာခဲ့ခြင်းက ထုတ်လုပ်မှု လုပ်ငန်းအခြေအနေများ ဆယ်လမြောက် ဆက်တိုက် ကျဆင်းမှုကို ညွှန်ပြနေသည်။ 

သို့သော်လည်း နောက်ဆုံး ဆုတ်ယုတ်မှုမှာ ဇန်နဝါရီလမှစပြီး အညင်သာဆုံး ဖြစ်ခဲ့ကာ PMI သည် မတ်လမှစ၍ လစဉ် မြင့်လာခဲ့သည်။

မြန်မာနိုင်ငံတွင်း ကုန်စည် ထုတ်လုပ်သူတို့၏ ထုတ်လုပ်မှု ပမာဏများမှာ ဇွန်လတွင် ထပ်မံကျဆင်းခဲ့သော်လည်း မသိမသာ အားပျော့ခဲ့သည့် နှုန်းဖြင့်ဖြစ်သည်။ ယင်းကျဆင်းမှုမှာ ခြုံပြောရလျှင် သိသာခဲ့သော်လည်း ငါးလအတွင်း အားအပျော့ဆုံးဖြစ်သည်။ 

ပါဝင်ဖြေကြသူတို့၏ အဆိုအရ စက်ရုံများ ပိတ်ထားရမှုများနှင့် ဝယ်လိုအား ကျလာခြင်းက ထုတ်လုပ်မှုပမာဏများအပေါ် ဆက်ပြီး သက်ရောက်ခဲ့ပါသည်။

ဒုတိယသုံးလပတ်၏ အဆုံးပိုင်းတွင် ပြည်တွင်း ဝယ်လိုအား ဆက်ပြီး အားနည်းမြဲနည်းနေခဲ့ပြီး အော်ဒါ အသစ်များမှာ အရှိန်ဖြင့်တဟုန်ထိုး ကျဆင်းလာခဲ့သည်။ 

ကျဆင်းမှုကိုငွေသား ပြတ်တောက်မှုများနှင့် ဈေးနှုန်းများ မြင့်တက်လာမှုကို ပူးတွဲညွန်ပြလျက် ဆက်စပ်ဖေါ်ပြကြသည်။ ခြုံပြောရလျှင် လက်ရှိ ကျဆင်းမှု နှုန်းမှာ စစ်တမ်း၏ ငါးနှစ်ခွဲကြာသမိုင်းအတွင်းမှာ အများဆုံး တစ်ခုဖြစ်သည်။

လုပ်သားအင်အား အရေအတွက်မှာ တဟုန်ထိုး ဆက်ကျဆင်းလာခဲ့ပြီး ပါဝင်ဖြေကြားသူတို့က အလုပ်သမားများ ၎င်းတို့ ဇာတိနေရပ်များသို့ ဆက်ပြန်နေကြခြင်းကို ထောက်ပြကြသည်။

ဝယ်လိုအား ကျလာခြင်းနှင့် မိမိတို့ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်မှုများကိုပါ ညွှန်ပြကြသည်။ 

သို့သော်လည်း ကျဆင်းမှု နှုန်းမှာမူ မေလတွင် မြင်ခဲ့ရသည်ထက် အားပျော့သွားပြီး ဇန်နဝါရီမှစပြီး အားအပျော့ဆုံးဖြစ်သည်။

ထုတ်လုပ်မှု လိုအပ်ချက်များကျလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင်းရှိ ထုတ်လုပ်ရေးကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူရေး လုပ်ငန်းများကို ဆက်ပြီး ရပ်တန့်ထားကြသည်။

ဝယ်ယူမှုများမှာ ၂၀၂၀ ပြည့်နှစ် မတ်လမှစပြီး လစဉ် ကျဆင်းလာခဲ့ပြီး နောက်ဆုံးလ၏ ကျဆင်းမှုမှာ ခြုံကြည့်လျှင် အပြင်းထန်ဆုံးဖြစ်သည်။ ထုတ်လုပ်မှုအကြို နှင့် ထုတ်လုပ်မှုအပြီး လက်ကျန် စာရင်းများသည်လည်း လျော့နည်းလာခဲ့ကြပြီး ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများ ကျဆင်းမှုမှာမူ စစ်တမ်း သမိုင်းထဲတွင် ဒုတိယအများဆုံး ဖြစ်လာသည်။

ဝယ်လိုအား ပျော့လာခဲ့သည့်တိုင်အောင် ကုန်ကြမ်း ရှားပါးမှုများနှင့် စက်ရုံများ ပိတ်ထားရခြင်းကြောင့် ဇွန်လတွင် လက်ထဲ ကျန်ရစ်ခဲ့သည့် လက်ကျန် အလုပ်များ သိသာစွာ မြင့်တက်လာခဲ့ရသည်။ 

စုစည်းလာမှု နှုန်းမှာ မေလ၏ အမြင့်ဆုံးမှ သိသာစွာ အားပျော့လာခဲ့သော်လည်း စစ်တမ်း သမိုင်းထဲတွင် တတိယ အများဆုံးဖြစ်သည်။

ဤအတောအတွင်း ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်မှုသည် ဆယ်လဆက်တိုက် ကျဆင်းလာခဲ့သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထုတ်လုပ်မှု စရိတ်များ၏ ဖောင်းပွမှုမှာမြင့်တက်လာခဲ့သော်လည်း မေလ၏ စစ်တမ်း အမြင့်ဆုံးအဆင့်မှ အားပျော့သွားခဲ့သည်။

ဖြေကြားခဲ့ကြသူတို့က နိုင်ငံခြားငွေ လဲလှယ်နှုန်း ဆိုးရွားလာခြင်း၊ ကုန်ကြမ်း ရှားပါးမှုများနှင့် ပို့ဆောငရေးစရိတ်များ မြင့်တက်လာခြင်းကို ဆက်ပြီး ထောက်ပြနေကြသည်။ 

ကုမ္ပဏီများက စရိတ်စက ဝန်ထုပ်ဝန်ပိုး တစ်စိတ်တစ်ဒေသကို လွှဲချပေးခဲ့ကြခြင်းကို အစီရင်ခံခဲ့ကြပြီး ရောင်းချသည့် ဈေးနှုန်းများ၏ ဖောင်းပွမှုနှုန်းမှာ ယခုထိ စစ်တမ်းအတွင်း ဒုတိယအမြင့်ဆုံး ဖြစ်လာသည်။

အနာဂတ်ကို လှမ်းမျှော်ကြည့်လျှင် လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ အကောင်းမြင်မှုမှာ မေလ၏ စစ်တမ်း အနိမ့်ဆုံးမှ အနည်းငယ် တိုးတက်လာခဲ့သည်။

သို့သော်လည်း အကောင်းမြင်မှု အဆင့်မှာ စစ်တမ်း၏ ရေရှည် ပျမ်းမျှထက် သိသာစွာ နိမ့်ကျနေပြီး ပါဝင်ဖြေကြားသူတို့က စစ်တပ်မှ အာဏာသိမ်းခဲ့မှုနှင့် ဈေးနှုန်းများ၏ ဖိအားပေးမှု တိုးလာခြင်းက အကောင်းမြင်မှုအပေါ် ဖိစီးနေကြောင်း ဖေါ်ပြခဲ့ကြသည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ် ဖေါ်ပြရာတွင်၊ IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper ပြောကြားခဲ့သည်မှာ-

"အာဆီယံ ထုတ်လုပ်မှုကဏ္ဍသည် ဇွန်လအတွင်း ထုတ်လုပ်မှုရော အော်ဒါသစ်များပါ အသစ်တဖန် ကျဆင်းလာခဲ့သောကြောင့် အကျဘက်သို့ လျှောဆင်းသွားပြန်သည်။

ကဏ္ဍ၏ ဆုတ်ယုတ်မှုနှုန်းမှာ အနည်းငယ်မျှသာ ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် အောက်တိုဘာမှစပြီး အများဆုံး တစ်ခုဖြစ်သည်။

"သို့ဖြစ်၍ လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ ရှေ့ဆက်ပြီး အသင့်အတင့်ဖြစ်လာကာ  အကောင်းမြင်မှု အဆင့်အတန်းမှာမူ လွန်ခဲ့သည့် သြဂုတ်လမှစပြီး အနိမ့်ဆုံးတစ်ခုဖြစ်သည်။

"နိုင်ငံများအလိုက် ခြားနားမှုများ သိသာလှပြီး အကျဘက် လျှောဆင်းမှု၏ အဓိကမောင်းနှင်အားမှာ မလေးရှားနှင့် မြန်မာနိုင်ငံများထဲက ထင်ရှားသည့်

ကျဆင်းမှုများဖြစ်ပြီး မလေးရှားနိုင်ငံထဲတွင် ကိုဗစ်-၁၉ တင်းကျပ်မှုများ တိုးချမှတ်လာရ၍ လွန်ခဲ့သည့် နှစ်လအတွင်း တိုးတက်မှုမှနေပြီး အကျဘက်

ဦးလှည့်မှုကို မြင်လာရသည်။

"အခြေအနေများကို ပြန်ပြီး ထိန်းချုပ်လာနိုင်သည်နှင့်အမှ ဒေသတစ်ဝန်းမှာ လော့ဒေါင်း အစီအစဉ်များကို ဖြေလျော့ပေးလာနိုင်လျှင် ကျွန်ုပ်တို့သည် ထုတ်လုပ်မှုကဏ္ဍထဲတွင် နာလန်ပြန်ထူရေး လှုပ်ရှားမှုများကို ပြန်ပြီး တွေ့မြင်ကြရဖွယ် ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်ထဲတွင် ကူးစက်မြန် ကပ်ရောဂါကြောင့် ဆုံးရှုံးခဲ့ကြရသည့် ခြေကုပ် အများအပြားကို ပြန်ပြီး ရယူရန် အားထုတ်ဖို့ လိုအပ်နေပါသေးသည်"

 

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

အော်ဒါသစ်များ (၃၀%)၊

ထုတ်လုပ်မှု (၂၅%)၊

အလုပ်နေရာ (၂၀%)၊

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်

သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။


 

Industry Reviews Read 445 times